Marvel ဇာတ်ကားသစ်တွေရဲ့ထွက်ရှိမယ့်ရက်တွေ နောက်ဆုတ်သွားကြောင်း ဝေါ့လ်ဒစ်စနီကုမ္ပဏီက ကြေညာ

12-10-2022-yyl-28.jpg

ဝေါ့လ်ဒစ်စနီ ကုမ္ပဏီက Blade၊ Fantastic Four နဲ့ Avengers: Secret Wars အပါအဝင် Marvel ဇာတ်ကားများစွာအတွက် ထွက်ရှိမယ့်ရက်တွေကို အရင် ကြေညာထားတဲ့ ရက်ထက် နောက်ဆုတ်လိုက်ရကြောင်း အောက်တိုဘာ ၁၁ ရက်နေ့က ကြေညာခဲ့ပါတယ်။

MCU ဗာရှင်းအနေနဲ့ ပြန်ရိုက်ကူးမယ့် Blade ဇာတ်ကားရဲ့ ဒါရိုက်တာ ဘက်ဆမ် တာရစ်က အချိန်ဇယားပြည့်နေတာကြောင့် ပရောဂျက်ကနေ နုတ်ထွက်သွားပြီးတဲ့နောက် Marvel က ဒါရိုက်တာအသစ်ရှာဖို့အတွက် ရုပ်ရှင်ထုတ်လုပ်တာကို ယာယီရပ်နားထားဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုဆို Blade ဇာတ်ကားကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့ အစား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ ပြသဖို့ စီစဉ်ထားပါတယ်။

Deadpool 3 က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ကို ပြောင်းလဲလိုက်ပါတယ်။ Fantastic Four က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်ဖြစ်သွားပြီး အမည်မသတ်မှတ်ရသေးတဲ့ Marvel ဇာတ်ကားကိုလည်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ကို ပြောင်းလဲလိုက်ပါတယ်။

Avengers: Secret Wars ဇာတ်ကားကိုလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ကနေ ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့အထိ နောက်ဆုတ်လိုက်ပါတယ်။ နောက်ထပ်အမည်မသတ်မှတ်ရသေးတဲ့ Marvel ဇာတ်ကားကိုလည်း ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မပြသတော့ပါဘူး။ ဒီဇာတ်ကားပြသမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

Marvel Cinematic Multiverse မှာ ဇာတ်လမ်းတွေက ဆက်စပ်နေပြီး ဇာတ်ကားတစ်ကား ကြန့်ကြာသွားတာနဲ့ အခြားဇာတ်ကားတွေရဲ့ ရုံတင်ပြသမယ့်ရက်တွေလည်း ရွှေ့ဆိုင်းရလေ့ရှိပါတယ်။Doctor Strange in the Multiverse of Madness ဇာတ်ကားတုန်းကလည်း ကိုဗစ်ကပ်ရောဂါကြောင့် ရုံတင်မယ့်ရက်ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် Thor: Love and Thunder နဲ့ Black Panther: Wakanda Forever ဇာတ်ကားတွေလည်း ရုံတင်မယ့်ရက်တွေ နောက်ဆုတ်ခဲ့ရပါသေးတယ်။

Ref: AsiaOne “Disney pushes back several Marvel movie release dates”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top