အွန်လိုင်းပေါ်မှာနဲ့ အပြင်မှာ လူတွေက သင့်ကို အမြင်မကပ်သွားစေဖို့

6-7-2020-yyl-046.jpg

အွန်လိုင်းပေါ်ကနေပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် လူတစ်ယောက်ကိုယ့်ကို အမြင်ကပ်အောင်လုပ်ဖို့က သိပ်မခက်ခဲလှပါဘူး။ အမူအရာပိုလွန်းတာပဲဖြစ်ဖြစ်၊ ရေငုံနှုတ်ပိတ်နေလွန်းလို့ပဲဖြစ်ဖြစ် ဥပမာ အမှုမဲ့အမှတ်မဲ့နေတတ်လွန်းတာကြောင့် လူတွေရဲ့မျက်မုန်းကျိုးခြင်းကို ခံရတတ်ပါတယ်။

နောက်ထပ် ကိုယ်ဘက်က ပုံမှန်စကားပြောနေရင်းနဲ့ပဲ တစ်ဖက်လူပိုပိုပြောချင်လာအောင် စက္ကန့်အနည်းငယ်အတွင်းဆွဲဆောင်ခေါ်ယူလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အွန်လိုင်းပေါ်မှာပဲဖြစ်ဖြစ်၊ လက်တွေ့ဘဝမှာပဲဖြစ်ဖြစ် သင်ပြုလုပ်လိုက်တဲ့အပြုအမူသေးသေး၊ ကြီးကြီးလေးတွေက ဘယ်လိုလူမုန်းများသွားစေနိုင်လဲဆိုတဲ့ သိပ္ပံနည်းကျအချက်အလက်တွေကို ရိုးရာလေးပရိတ်သတ်တွေအတွက် ဖော်ပြပေးသွားချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သိထားတော့ဆင်ခြင်လို့ရတာပေါ့နော်။

၁။ အွန်လိုင်းမှာပုံတင်လွန်းတာ

အမလေး … newsfeed တစ်ခုလုံးသူ့ပုံတွေချည်းပဲပေါ့နော်။ အထက်ကနေအောက်ဆွဲဆွဲ၊ အောက်ကနေအထက်ဆွဲဆွဲ၊ ဘေးတိုက်ဆွဲဆွဲ၊ ဒေါင်လိုက်ဆွဲဆွဲ သူ့ပုံတွေချည်းပါပဲ။ မကြိုက်ရင် unfollow လုက်ထားဆိုတော့ ဟိုကမကြိုက်လို့ unfollow လုပ်သွားပြီဆိုကတည်းက ကိုယ့်ကိုအမြင်မကြည်တဲ့သူတစ်ယောက်တိုးသွားပြီပေါ့။

(၂၀၁၃) ခုနှစ်တုန်းကလေ့လာတွေ့ရှိချက်တစ်ခုမှာဆို ဆိုရှယ်မီဒီယာပေါ်ပုံတွေအများကြီးတင်ခြင်းက သင့်ရဲ့လက်တွေ့နေထိုင်မှုဘဝကို ထိခိုက်စေနိုင်တယ်လို့ ပြောကြားထားပါတယ်။ ဘီရာမင်ဟန် (Birmingham) စီးပွားရေးတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ ဒေးဗစ် ဟွန်တန် (David Houghton) ဆိုသူက “ဒီလိုပုံတွေအများကြီး ခဏခဏတင်တာဘာလို့မကောင်းလဲဆိုတော့ ကိုယ့်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ အမျိုးတွေကလွဲရင် ဘယ်သူကမှ ကိုယ့်ပုံကို အချိန်တိုင်း တကူးတက ကြည့်ချင် မြင်ချင်နေတဲ့သူ မရှိပါဘူး။” လို့ပြောကြားခဲ့ပါတယ်။ ကိုယ်က မင်းသမီးတို့ဘာတို့ ဆိုရင်တော့ တစ်မျိုးပေါ့။

သူငယ်ချင်းတွေက မိသားစုပုံတွေချည်းအမြဲတင်နေတဲ့ သင့်ကိုအမြင်းစောင်းလာနိုင်သလို မိသားစုဝင်တွေကလည်း သူငယ်ချင်းတွေနဲ့ချည်းခဏခဏပုံတင်နေတဲ့သင့်ကို အမြင်မကြည်ဖြစ်လာနိုင်ပါတယ်။

၂။ facebook friends နည်းလွန်း၊ များလွန်းတာ

(၂၀၀၈) ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့သုတေသနပြုချက်မှာတော့ မီချီဂန်းတက္ကသိုလ်ကနေပြီး ကောလိပ်ကျောင်းသား၊ ကျောင်းသူတွေကို လူတစ်ဦးချင်းဆီရဲ့ facebook profile တွေကြည့်ခိုင်းပြီး ဘယ်သူ့ကိုဘယ်လောက် သဘောကျ၊ နှစ်သက်ကြောင်းမေးမြန်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ facebook friends (၃၀၀) လောက်ရှိတဲ့သူတွေက လူကြိုက်အများဆုံးဖြစ်ပြီး (၃၀၀) အောက်ရောက်နေတဲ့သူတွေကိုတော့ သိပ်စိတ်မဝင်စားကြပါဘူး။ အဲထက် (၃၀၀) ကျော်သွားတဲ့သူတွေကိုလည်း မနှစ်သက်ကြတော့ပြန်ပါဘူး။

နောက်ထပ် facebook profile စမ်းသပ်မှုကိုတော့ facebook friends (၃၀၀) လောက်ရှိတဲ့ ကျောင်းသားတွေနဲ့ချည်း ပြုလုပ်ခဲ့ပါတယ်။ အဲအခါမှာတော့ သူတို့သဘောအကျဆုံး facebook အကောင့်ပိုင်ရှင်ရဲ့ friends အရေအတွက်က (၁,၀၀၀) လောက်ထက်မပိုခဲ့ပါဘူး။

လုံးဝစိတ်ထဲထည့်ထားရမှာတစ်ခုရှိပါတယ်။ (၂၀၁၄) ခုနှစ်မှာပြုလုပ်ခဲ့တဲ့ဆာဗေးအရ အရွယ်ရောက်ပြီးသားရင့်ကျက်သူတွေရဲ့ facebook friends အရေအတွက်က (၃၃၈) ယောက်ထက်မပိုတော့ပါဘူး။ စိတ်ဝင်စားစရာကောင်းတာက စမ်းသပ်မှုမှာပါဝင်တဲ့လေ့လာသူတွေကိုယ်တိုင်ကလည်း facebook friends နည်းလွန်း၊ များလွန်းတာကိုမနစ်သက်ကြပါဘူး။

၃။ အရမ်းကြီးမခင်ဘဲနဲ့ အရောဝင်လွန်းတာ

အတင်းကြီးလိုက်ရောတာမျိုးပေါ့။ အရွယ်ရောက်ပြီးသူတွေအတွက်က ကိုယ့်ကိုယ်ကိုလေးစားမှုရှိဖို့နဲ့ ကိုယ့်ပုံစံကိုယ်ထုတ်ဖော်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အဲလိုအတင်းကြီးတွေလိုက်ရောနေတော့ တစ်ဖက်လူနဲ့ယှဉ်ရင် ကိုယ်ကဘာမဟုတ်တဲ့သူလိုဖြစ်သွားတတ်ပါတယ်။ သူများအထင်သေးမခံပါနဲ့။ မိမိကိုယ်မိမိ လေးစားမှုရှိပါ။ ချေသင့်သလောက်လေးချေပေးစေချင်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး သိပ္ပံပညာရှင်တွေဘက်ကသုံးသပ်ထားတာမျိုးတွေလည်း ရှိပါတယ်။ ကိုယ်ကလူတွေနဲ့ အရမ်းလိုက်ရောနေတဲ့အခါ တဖြည်းဖြည်းနဲ့ စိတ်အားငယ်လာနိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုတွေပျောက်ဆုံးလာနိုင်တယ်လို့ ဆိုပါတယ်။ အင်းလေ အားနေသူများကိုချည်းလိုက်ပင့်နေရတာဆိုတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ဖို့တွေမေ့ပြီး နောက်ဆုံးကိုယ်ဆိုတာဘာမှန်းမသိတဲ့အဆင့်ကို ရောက်ရောပေါ့။ ထပ်ပြောပါမယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။

၄။ စကားသိပ်မများပါနဲ့

စာရေးသူကဆွေးနွေးရတာ၊ အငြင်းအခုံလုပ်ရတာမျိုးတွေသိပ်ကြိုက်တော့ စကားများတဲ့သူတွေနဲ့ ပေါင်းရသင်းရအဆင်ပြေလိမ့်မယ်လို့ထင်ခဲ့ဖူးပါတယ်။ တက်တက်စင်အောင် လွဲတော့တာပါပဲ။ သူ့ကိုကြည့်ရင်း ကိုယ်တောင်မောတယ်တို့ ဘာတို့။ စကားတစ်လုံးနဲ့တစ်လုံးက မြူတစ်မှုန်လောက်တောင်မခြားလို့ ကိုယ့်မှာသူပြောတဲ့အကြောင်းအရာနောက်ကို မနည်းလိုက်နေရရှာတယ်။ အဲလိုမလုပ်ပါနဲ့။ တစ်ဖက်လူကိုလည်းပေးပြောပါ။ အတွေး၊ အမြင်ချင်းဖလှယ်ပါ။ နားထောင်ပေးပါ။ မေးခွန်းထုတ်ပေးပါ။ ကိုယ်သိ၊ ကိုယ်တတ်ဆိုပြီး စကားတွေဖောင်ဖွဲ့မနေပါနဲ့။ တစ်ဘက်လူကိုလည်း ပေးပြောလိုက်ပါဦး။

ဒီအရာကိုရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့အတွက် အုပ်စုဖွဲ့စမ်းသပ်မှုတစ်ခုကို (၁၂) မိနစ်ကြာပြုလုပ်ခဲ့ကြပါတယ်။ အဖွဲ့ (၂) ဖွဲ့ရှိတဲ့ဘက်မှာ (၁) ဖွဲ့ကိုစကားချည်းပဲပြောခိုင်းပြီး ကျန် (၁) ဖွဲ့ကိုတော့ နားချည်းသပ်သပ်ထောင်ခိုင်းခဲ့ပါတယ်။ နောက်ထပ်အဖွဲ့ (၂) ဖွဲ့ကိုတော့ အပြန်အလှန်စကားပေးပြောခိုင်းခဲ့ပါတယ်။ ရလဒ်အနေနဲ့ အပြန်အလှန်စကားပြောတဲ့အဖွဲ့က ဇာတ်ရှိန်ပိုပိုမြင့်လာပြီး နားချည်းထောင်ခိုင်းတဲ့အဖွဲ့ဘက်မှာတော့ စကားဝိုင်းကအချိန်မပြည့်ခင်ဘဲ တဖြည်းဖြည်းခြောက်ကပ်လို့သွားခဲ့ပါတယ်။ ကဲ … ဒီလောက်ဆို ဘယ်လိုစကားပြောရမလဲသိပြီထင်ပါတယ်။

၅။ အရမ်းသဘာကောင်းပြတာ

ကိုယ်ပြောမယ်။ အိုဗာတင်းတွေသိပ်မဖျော်ပါနဲ့။ ပုံမှန်ဆက်ဆံပါ။ ဒီဘက်ခေတ်မှာ တုံးတယ်ဆိုတဲ့သူကသင်ထင်သလောက် ပေါများမနေတော့ပါဘူး။ လူတိုင်းက သင်ဘာဆိုတာသိပါတယ်။ ဒါကြောင့်သိပ်မရွှီးပါနဲ့။ ဘာမှမဟုတ်ဘဲအရမ်းကြီးတွေ ကောင်းပြနေတဲ့သင့်ကို လူတွေက ရလိုမှုတစ်ခုကြောင့် ချည်းကပ်နေတာလို့ထင်သွားတတ်ကြပါတယ်။ ဒါကလည်းကိုယ့်ကို ရှောင်ဖယ်၊ ရှောင်ဖယ်ဖြစ်သွားစေနိုင်တဲ့ အချက်တစ်ချက်ပဲလေ။ ဒါကြောင့်မို့ သတိထားပါ။

၆။ အပြုံးအရယ်မရှိတာ

ပြုံးပါ။ သင်က နေ့စဉ်လူနေမှုဘဝထဲ ကျင်လည်နေတယ်၊ လူအများနဲ့ ပေါင်းသင်း ဆက်ဆံနေရတယ်ဆိုရင် အဲဒီအပြုံးဆိုတာကြီးကို မျက်နှာမှာကော်နဲ့သာ ကပ်ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ်ကြိုးစားပြုံးပါ။

ဝမ်န်းမီး (Wyoming) တက္ကသိုလ်ကနေပြီး ကောလိပ်ကျောင်းသား၊ ကျောင်းသူ (၁၀၀) ကျော်ကို အမျိုးသမီး (၁) ဦးတည်းရဲ့ဓာတ်ပုံ (၄) ပုံကိုကြည့်ခိုင်းပြီး သုတေသနပြုလုပ်ခဲ့ပါတယ်။ လွတ်လွတ်လပ်လအ်အမူအရာနဲ့ပုံ၊ ရုပ်တည်နဲ့ပုံ၊ မပြုံးဘဲ လွတ်လွတ်လပ်လပ်နေနေတဲ့ပုံနဲ့ ပြုံးပြီးနေနေတဲ့ပုံ (၄) မျိုးကိုအသုံးပြုပြီး ဆာဗေးကောက်ခဲ့ကြပါတယ်။ အမျိုးသမီးကဘယ်လိုပုံစံနဲ့နေနေ နောက်ဆုံးမှာတော့ ပြုံးနေတဲ့ပုံကိုပဲ သဘောအကျဆုံးပုံအဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ ဒါကြောင့်ပြောပါတယ် … အပြုံးကအသက်ပါလို့။

Ref: thrivglobal “15 Things You’re Doing That Make People Dislike You Immediately”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top