သက်ရောက်မှုကြီးမားမယ့် သမ္မတရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်

13.1.2020.jpg

သမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီလ ၁၇ ရက်၊ ၁၈ ရက်တွေမှာ မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်လာရောက်မှာဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်သမ္မတဖြစ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ (၁၉)နှစ်အတွင်း မြန်မာနိုင်ငံကို ပထမဆုံး လာရောက်မယ့် တရုတ်သမ္မတဖြစ်လာမှာပါ။ ၂၀၀၁ ခုနှစ်တုန်းကတော့ မြန်မာနိုင်ငံကို တရုတ်သမ္မတ ကျန်ဇီမင်း လာရောက်ခဲ့ဖူးပါတယ်။ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်ဟာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော်အမတ်တွေ၊ စစ်တပ်အရာရှိတွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လျူကျောက်ဟွေက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်ဟာ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ်(၇၀)ပြည့်အထိမ်းအမှတ်ဖြစ်ပါတယ်။

”၁၉၅၀ အလွန်ကာလအတွင်းမှာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး(၅)ချက်ကို ပူးတွဲတင်သွင်းခဲ့တယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်အရေးကိစ္စတွေမှာ ပထမဆုံး ပြေလည်မှုရရှိခဲ့တဲ့နိုင်ငံပါ။ အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့တိုင်းရင်းသားအရေးတွေမှာ သဘောတူစာချုပ်ချုပ်ဆိုနိုင်အောင် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်”လို့ လျူကျောက်ဟွေက ပြောပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး(၅)ချက်ကို ဘန်ဒေါင်းမူလို့လည်း ခေါ်ပါတယ်။

၁၉၅၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း ဂျာဗားပြည်နယ်၊ ဘန်ဒေါင်းမြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နေရူးတို့က ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူကြီး(၅)ချက်ကို အဆိုပြုတင်သွင်းခဲ့တာဖြစ်ပါတယ်။ အခြေခံမူကြီး(၅)ချက်ထဲမှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ မကျူးကျော်ရေး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား အချုပ်အခြာအာဏာနဲ့ နယ်နမိတ်ကို အပြန်အလှန်လေးစားရေး၊ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ အပြန်အလှန် အကျိုးတူသာတူညီမျှ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ အချက်(၅)ချက် ပါဝင်ပါတယ်။ အဲဒီအခြေခံမူ(၅)ချက်ဟာ ဒီနေ့ခေတ် တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဓိကဒေါက်တိုင်ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မှာ တရုတ်-မြန်မာစီးပွားရေး စ င်္ကြံလမ်း တည်ဆောက်ရေးအတွက် နှစ်နိုင်ငံကြား နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ လျူကျောက်ဟွေက ပြောပါတယ်။ ရှီကျင့်ဖျင်ဟာ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်မှာ တရုတ်နိုင်ငံရဲ့ ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံကို ရောက်လာခဲ့ဖူးပြီး အဲဒီအချိန်တုန်းက မြန်မာနိုင်ငံ ရေအားလျှပ်စစ်စီမံရေးဌာနနဲ့ တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရင်းနှီးမြှုပ်နှံ တည်ဆောက်ရေးဖက်စပ်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ ၁၆ ခုထဲမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းလည်း ပါဝင်ပါတယ်။

တရုတ်နိုင်ငံရဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်းစီမံကိန်းထက် ပိုစောတဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းဟာ မြန်မာနိုင်ငံအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု အားလုံးရဲ့ခေါင်ချုပ်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရရှိလိုတဲ့ တရုတ်နိုင်ငံရဲ့ ဗျူဟာမြောက်စီမံကိန်းပါ။ ဒါပေမဲ့ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံတန်ကြေးရှိတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့လိုက်ပြီးနောက်မှာ နှစ်(၂၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်-မြန်မာ ဆက်ဆံရေး မချောမမွေ့ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအတွက် ဗျူဟာမြောက်လိုအပ်ချက်ကို မဖြည့်ဆည်းဘူးဆိုရင် မြန်မာ့စီးပွားရေးအတွက် ငွေကြေးစီးဆင်းမှုလုပ်မှာမဟုတ်ဘူး၊ ဒါဆိုရင် မြန်မာ့စီးပွားရေးလည်ပတ်မှုကျဆင်းသွားလိမ့်မယ်ဆိုတာ ထင်ဟပ်ပြလိုက်တဲ့ သဘောပါပဲ။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံဟာ ဘင်္ဂါလီအရေးကြောင့် အနောက်နိုင်ငံတွေနဲ့ သဟဇာတမဖြစ်လို့ တရုတ်နိုင်ငံကို အားကိုးအားထားပြုနေရတဲ့ အနေအထားပါ။ အနောက်နိုင်ငံတွေက လူ့အခွင့်အရေးလို့ တစာစာအော်ပြီး ပြည်တွင်းရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ မျက်စိပစ်နေတဲ့အခြေအနေက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကို ကျောချင်းကပ်မိစေပါတယ်။ တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသမှာရှိတဲ့ ဝီဂါမွတ်စလင်အရေးအတွက် မြန်မာနိုင်ငံက တရုတ်ကို ထောက်ခံအားပေးသလို တရုတ်နိုင်ငံကလည်း ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂမှာ မြန်မာကို အကာအကွယ်ပေးနေပါတယ်။

ဒီအနေအထားမှာ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်က အနောက်နိုင်ငံတွေ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ပထဝီနိုင်ငံရေးအားပြိုင်မှု၊ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြား အားပြိုင်မှုတွေမှာ ဗျူဟာမြောက် အရေးပါတဲ့နိုင်ငံဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ပေါင်းကူးဆက်သွယ်မယ့်ဗျူဟာအတွက် အခရာကျနေပါတယ်။ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေအပေါ် သက်ရောက်မှုရှိစေရုံတင်မကဘဲ အိန္ဒိယသမုဒ္ဒရာရဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းကိုပါ အပြောင်းအလဲဖြစ်လာစေမလားဆိုတာတော့ စောင့်ကြည့်စရာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top