စာမေးပွဲမဖြေချင်တဲ့မြေးကို ရဲခေါ်ပြီးဖျောင်းဖျခဲ့ရတဲ့အဘွား

edu4.jpg

ထိုင်းနိုင်ငံရဲ့ Udon Thani ပြည်နယ်က အဘွားအိုတစ်ယောက်ဟာ သူ့မြေး သူ့စကားနားမထောင်တဲ့အတွက် ရဲခေါ်လိုက်ရတဲ့အဖြစ်အပျက်လေးရှိခဲ့တယ်လို့ တရုတ်သတင်းဌာနက ပြောကြားထားပါတယ်။ အဲ့ဒီအဘွားက သူ့ရဲ့မြေးကို ကျောင်းသွားဖို့အိပ်ရာနိုးလို့ မရဖြစ်ခဲ့ပါတယ်။ အဲ့ဒီနေ့က သူ့မြေးစာမေးပွဲဖြေရမယ့်ရက်ဖြစ်တယ်လို့လည်း သိရပါတယ်။ သူ့ရဲ့မြေးအလယ်တန်းကျောင်းသားလေးဟာ စာမေးပွဲမဖြေချင်တာကြောင့် အိပ်ရာကထဖို့ ငြင်းဆန်ခဲ့တာပါ။

အဘွားက ခေါင်းမာတဲ့သူ့ရဲ့မြေးကို ပြောမရ၊ နိုးမရတဲ့အဆုံး စိတ်ပျက်စွာနဲ့ပဲ ငိုကြွေးခဲ့ပြီး ရဲတွေကို အကူအညီတောင်းခံခဲ့ပါတယ်။ ရဲနှစ်ယောက်ရောက်လာတဲ့အချိန်မှာ ကောင်လေးက သူ့ရဲ့အိပ်ရာထဲမှာ အိပ်နေတုန်းပါပဲ။ ရဲတွေက ပညာရေးရဲ့အရေးပါမှုကို ကောင်လေးကို ပြောပြရင်း ဖျောင်းဖျခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကောင်လေးကို ကျောင်းသွားအောင် ဖျောင်းဖျနိုင်ခဲ့ပြီး ရဲတွေထဲက တစ်ယောက်က သူ့ရဲ့ဆိုင်ကယ်နဲ့ ကောင်လေးကို ကျောင်းလိုက်ပို့ပေးခဲ့ရပါတယ်။
ဒီအဖြစ်အပျက်လေးကို Thailand Police Story မှာ သြဂုတ်လ (၆) ရက်နေ့က တင်ခဲ့တာဖြစ်ပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေ စိတ်ဝင်စားနေတဲ့ ပို့စ်တစ်ခုလည်းဖြစ်နေပါပြီ။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ပညာရေးအရေးပါမှုကို ပြောပြီး ကောင်လေးကိုဖျောင်းဖျခဲ့တဲ့အတွက် အဘွားနဲ့ ရဲတွေကို ချီးမွမ်းစကားဆိုခဲ့ပါတယ်။

“သူတို့က ငါတို့အတွက် အရာရာတိုင်းကို လုပ်ပေးမယ့် မှန်ကန်တဲ့သူတွေပဲ။ ကျွန်တော်တို့ သူတို့လို ရဲတွေကို ပိုပြီးလိုအပ်ပါတယ်”၊ “ကျွန်တော်တို့ရဲ့နှလုံးသားကို ဒီရဲကြီးက သိမ်းပိုက်လိုက်ပါပြီ။ ကောင်လေး…ပညာရေးက ဘယ်လောက်အရေးကြီးလဲဆိုတာ မင်းသိလာမှာပါ”၊ “ကျောင်းကို အခုလိုလိုက်ပို့တဲ့ ရဲမျိုး ရှိခဲပါတယ်”၊ “အဖွားနဲ့ ရဲအဖွဲ့က မင်းကို ဘာလို့ အခုလိုလုပ်ခဲ့တာလဲဆိုတာကို တစ်နေ့ မင်းနားလည်လာမှာပါ” အစရှိတဲ့ကွန်မန့်တွေနဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက ချီးမွမ်းပြောဆိုခဲ့ပါတယ်။

Ref: Grandma in Thailand calls police after student refuses to take exam
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top