နယ်စပ်တံတိုင်း တည်ဆောက်ဖို့ ပင်တဂွန်စစ်ဌာနချုပ်က ရန်ပုံငွေလွှဲပြောင်းပေး

0609201903.jpg

အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်း တည်ဆောက်ဖို့အတွက် ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ရန်ပုံငွေထဲကနေ အမေရိကန်ဒေါ်လာ ၃.၆ ဘီလျံ လွှဲပြောင်းပေးအပ်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မက်ခ်အက်စပါက ပြောပါတယ်။ အမေရိကန်နိုင်ငံတောင်ပိုင်းမှာ နယ်စပ်တံတိုင်း တည်ဆောက်ရေးက ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဓိကကျတဲ့ မဲဆွယ်ကတိတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ နယ်စပ်တံတိုင်း တည်ဆောက်ရေးကိစ္စကို ဒီမိုကရက်တစ်ပါတီဝင်တွေက အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။ ပင်တဂွန်စစ်ဌာနချုပ်က လွှဲပြောင်းပေးအပ်တဲ့ ရန်ပုံငွေတွေကို ၁၇၅ မိုင်ရှည်လျားတဲ့ နယ်စပ်တံတိုင်း တည်ဆောက်ရေးမှာ အသုံးပြုသွားမယ်လို့ လွှတ်တော်ကော်မတီထံ ပေးပို့တဲ့စာလွှာမှာ မက်ခ်အက်စပါက ရေးသားထားပါတယ်။ အခုလို ရန်ပုံငွေလွှဲပြောင်းပေးအပ်လို့ စစ်တပ်ရဲ့စီမံကိန်း ၁၂၇ ခုကို ယာယီဆိုင်းငံ့ထားရမယ်လို့ ဆိုပါတယ်။ အဲဒီစာထဲမှာ ”တံတိုင်း”ဆိုတဲ့ စကားလုံး မသုံးထားဘဲ ”နယ်စပ်အရံအတား”လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု အရှိန်မြှင့်လုပ်ဆောင်တော့မယ့် ဒေါ်နယ်ထရမ့်ကတော့ သူ့ရဲ့မဲဆွယ်ကတိ တိုးတက်မှုအထောက်အထားလို့ ညွှန်ပြဖွယ်ရှိနေပါတယ်။ ဒီမိုကရက်တစ်ပါတီဝင် အမတ်တွေကတော့ ဒီကိစ္စကို မကျေနပ်ကြပါဘူး။ ဒေါ်နယ်ထရမ့်က အစိုးရအေဂျင်စီတွေအတွက် ရန်ပုံငွေရယူရာမှာ လွှတ်တော်ကို တစ်ပတ်ရိုက်နေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ စစ်တပ်အတွက် ပေးအပ်ထားတဲ့ ရန်ပုံငွေကို သူ့အတ္တအတွက် လွှဲပြောင်းရယူတဲ့ ဒေါ်နယ်ထရမ့်က ဇာတ်တူသားစားဖို့ ဝန်မလေးဘူးဆိုတာ ထုတ်ပြလိုက်တာပဲလို့ ဒီမိုကရက်တစ်ပါတီဝင် အထက်လွှတ်တော်ခေါင်းဆောင် ချက်ရှူးမာက စွပ်စွဲခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top