ဟောင်ကောင်မြို့မှာ သံသယရှိသူ လွှဲပြောင်းပေးအပ်ရေးဥပဒေကြမ်း ရုပ်သိမ်း

0609201905.jpg

ဆူပူအုံကြွဆန္ဒပြမှုတွေ ဖြစ်ပွားစေခဲ့တဲ့ အငြင်းပွားဖွယ်ဥပဒေကို ရုပ်သိမ်းလိုက်ပြီလို့ ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က ကြေညာခဲ့ပါတယ်။ ဟောင်ကောင်မြို့က သံသယရှိသူတွေကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းပေးအပ်နိုင်မယ့် ဥပဒေကြမ်းကို မတ်လ ၃၁ ရက်မှာ ဟောင်ကောင်မြို့အစိုးရက အဆိုပြုတင်သွင်းခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကြောင့် ဟောင်ကောင်မြို့ရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်ပူပန်သူတွေက သီတင်းပတ် ၁၄ ပတ်ဆက်တိုက် ဆန္ဒပြခဲ့ကြပါတယ်။

ဟောင်ကောင်မြို့မှာဖြစ်ပွားခဲ့တဲ့ ဆူပူအုံကြွဆန္ဒပြမှုတွေဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း(ဗြိတိန်နိုင်ငံက ဟောင်ကောင်မြို့အုပ်ချုပ်ခွင့်ကို တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ချိန်)အဆိုးရွားဆုံးပါပဲ။ သံသယရှိသူလွှဲပြောင်းပေးအပ်ရေးဥပဒေကြမ်းကြောင့် စတင်ဖြစ်ပေါ်လာခဲ့တဲ့ ဆူပူအုံကြွဆန္ဒပြမှုတွေဟာ နောက်ပိုင်းမှာတော့ ဒီမိုကရေစီ ပိုပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ အခုချိန်မှာ အငြင်းပွားဖွယ်ဥပဒေကြမ်းကို ရုပ်သိမ်းလိုက်ပေမဲ့ အခါနှောင်းသွားပြီဖြစ်လို့ ဆန္ဒပြမှုတွေ ဆက်လုပ်နေဦးမှာပဲလို့ ဆန္ဒပြသူတစ်ယောက်က ပြောပါတယ်။

အငြင်းပွားဖွယ်ဥပဒေကြမ်းကို ရုပ်သိမ်းဖို့ ဘယ်သူ ဆုံးဖြတ်ခဲ့တာလဲလို့ သတင်းထောက်တစ်ယောက်က မေးမြန်းချိန်မှာ ကာရီလမ်က ”ဥပဒေကြမ်း အဆိုပြုတင်သွင်းချိန်ကနေ အခုဖျက်သိမ်းလိုက်ချိန်အထိ ဗဟိုအစိုးရက ကျွန်မကို ထောက်ခံခဲ့ပါတယ်”လို့ ကာရီလမ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်မှာ ရိုက်တာသတင်းဌာနက အသံမှတ်တမ်းတစ်ခု ဖော်ပြခဲ့ပါတယ်။ အဲဒီအသံမှတ်တမ်းမှာ ဟောင်ကောင်မြို့ခေါင်းဆောင် ကာရီလမ်က သူ့မှာ ရွေးချယ်ခွင့်ရှိရင် ဖြစ်ပျက်နေတဲ့ကိစ္စတွေအတွက် တောင်းပန်ချင်ပြီး ရာထူးကနေ နုတ်ထွက်ချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအသံမှတ်တမ်းက အစစ် ဟုတ်၊ မဟုတ်ဆိုတာကိုတော့ ကာရီလမ်က ပြောခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုတာမျိုးမရှိဘူးလို့ ကာရီလမ်က ဆိုထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top