တောမီးလောင်ကျွမ်းမှုမှာ ပိတ်မိနေသူတွေကို သြစတြေးလျရေတပ်က ရွှေ့ပြောင်းပေးနေ

31.jpg

ဗစ်တိုးရီးယားကမ်းရိုးတန်းပေါ်က တောမီးလောင်ကျွမ်းနေတဲ့ မာလာကူတာမြို့မှာ ပိတ်မိနေသူတွေကို သြစတြေးလျရေတပ်က ရွှေ့ပြောင်းမှုတွေ စတင်လုပ်ဆောင်နေပါပြီ။ HMAS Choules နဲ့ MV Sycamore သင်္ဘောနှစ်စင်းက လူ ၁၀၀၀ နီးပါးကို ခေါ်ဆောင်လာမယ်လို့ လွှတ်တော်အမတ် ဒါရင်းချက်စတာက ပြောပါတယ်။ ဒါက မကြုံဖူးလောက်တဲ့ လူအစုလိုက်အပြုံလိုက် ပြန်လည်နေရာချမှုဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့ညက မာလာကူတာမြို့ကို မီးဝိုင်းနေချိန်မှာ ဒေသခံနဲ့ ကမ္ဘာလှည့်ခရီးသည် ၄၀၀၀ နီးပါးက ကမ်းခြေကို ထွက်ပြေးခဲ့ကြပါတယ်။ ကြာသပတေးနေ့ညမှာ သြစတြေးလျစစ်တပ်က လူ ၆၀ လောက်ကို လေယာဉ်နဲ့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

ရေတပ်သင်္ဘောတွေနဲ့ လိုက်ပါဖို့ စာရင်းပေးသွင်းထားသူ ၉၆၃ ယောက်အထိ ရှိတယ်လို့ ရေတပ်ဗိုလ် စကော့ဟူလီဟန်က ပြောပါတယ်။ ရေတပ်သင်္ဘောတွေဟာ ဗစ်တိုးရီးယားကမ်းရိုးတန်းကနေ အောက်ဘက်ကို ၁၆ နာရီကြား စုန်ဆင်းပြီး မီးဘေးကနေ ထွက်ပြေးလာသူတွေကို ဝက်ရှ်ပူးဆိပ်ကမ်းထံ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ရေတပ်သင်္ဘောနှစ်စင်းထဲမှာ ပိုကြီးတဲ့ HMAS Choules သင်္ဘောက အိပ်စင်ရာချီ ပါဝင်ပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ်မှာတော့ အရေးပေါ်အခြေအနေ ကြေညာထားရပြီး လူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ်နဲ့ ဗစ်တိုးရီးယားပြည်နယ်တွေမှာ စက်တင်ဘာလနောက်ပိုင်း တောမီးလောင်ကျွမ်းလို့ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးခဲ့ပါတယ်။ တောမီးလောင်ကျွမ်းမှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရလို့ သြစတြေးလျပြည်သူတွေက ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top