ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဆော်ဒီစစ်သင်တန်းသား ၂၁ ယောက်ကို အမေရိကန် နှင်ထုတ်

yyl-004-7.jpg

ပြီးခဲ့တဲ့လက အမေရိကန်လေတပ်စခန်းမှာ ဆော်ဒီစစ်သင်တန်းသားတစ်ယောက်က အစုလိုက်အပြုံလိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံက ဆော်ဒီစစ်သင်တန်းသား ၂၁ ဦးကို နှင်ထုတ်လိုက်ပါတယ်။ နှင်ထုတ်ခံရတဲ့ စစ်သင်တန်းသားတွေဟာ ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ ဆော်ဒီလေတပ် ဒုတိယဗိုလ် အယ်ရှမ်ရာနီကို ကူညီထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရခြင်းမရှိပါဘူး။

ဒါပေမဲ့ ဆော်ဒီစစ်သင်တန်းသားတွေမှာ ဂျီဟတ်နဲ့ဆိုင်တဲ့ ပစ္စည်း၊ ကလေးငယ်တွေရဲ့ မဖွယ်မရာဓာတ်ပုံတွေ တွေ့ရတယ်လို့ အမေရိကန်ရှေ့နေချုပ် ဝီလျံဘားက ပြောပါတယ်။ ဒီဇင်ဘာလ ၆ ရက်က ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာရေတပ် လေတပ်အခြေစိုက်စခန်းမှာ အသက် ၂၁ နှစ်ရှိတဲ့ ဆော်ဒီလေတပ် ဒုတိယဗိုလ် အယ်ရှမ်ရာနီက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အမေရိကန်သင်္ဘောသား ၃ ဦး သေဆုံးခဲ့ပြီး လူ ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအပြီးမှာ အမေရိကန်နိုင်ငံက ဆော်ဒီစစ်သည်တွေအပေါ် လေ့ကျင့်သင်ကြားပေးမှုကို ရပ်နားခဲ့ပါတယ်။ အမေရိကန်ရှေ့နေချုပ် ဝီလျံဘားက ဒီလုပ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ သေနတ်သမား အယ်ရှမ်ရာနီ ပိုင်ဆိုင်တဲ့ iPhones နှစ်လုံးကို လော့ခ်ဖွင့်ပေးဖို့ Apple ကုမ္ပဏီကို တောင်းဆိုထားပါတယ်။ သေနတ်သမားက iPhoneကို ဖျက်ဆီးပစ်ဖို့ သေနတ်နဲ့ပစ်ခဲ့ပေမဲ့ FBI ရဲ့ စုံစမ်းစစ်ဆေးသူတွေက iPhone ကို မူလအခြေအနေ ပြန်ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top