ပိုကောင်းတဲ့ကမ္ဘာကြီး ဖြစ်လာစေဖို့ 3D Printing နည်းပညာနဲ့ စာသင်ကျောင်းတွေ ဆောက်ပေးနေတဲ့ ၂၂ နှစ်သမီး

26-5-2022-yyl-44.jpg

” ကူးစက်ရောဂါတွေကအစ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအဆုံး ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အဓိကဇစ်မြစ်ကတော့ ပညာရေးပါပဲ” . . .။ 3D Printing နည်းပညာအသုံးပြုပြီး စာသင်ကျောင်းတွေ ဆောက်လုပ်ပေးနေတဲ့ Thinking Huts ကိုယ်ကျိုးမဖက်အဖွဲ့အစည်းရဲ့ အမှုဆောင်ချုပ် မက်ဂီဂရော့က ဒီလို ပြောခဲ့တာပါ။

မက်ဂီဂရော့ဟာ လွန်ခဲ့တဲ့ ၇ နှစ်တုန်းက 3D Printing နည်းပညာအကြောင်း စကြားဖူးခဲ့ပြီး အင်မတန် စိတ်ဝင်စားသွားလို့ သူ့ရဲ့မွေးစားအဖေကို ဒီအကြောင်း မေးမြန်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ အာဖရိကနိုင်ငံတွေမှာ 3D Printing နည်းပညာအသုံးပြုပြီး စာသင်ကျောင်းတွေ ဆောက်လုပ်ပေးဖို့ အကြံရခဲ့တာပါ။ Thinking Huts ကိုယ်ကျိုးမဖက်အဖွဲ့ကို စတင်တည်ထောင်ချိန်မှာ မက်ဂီဂရော့က အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။

မက်ဂီဂရော့ကို တရုတ်နိုင်ငံ တောင်ပိုင်းက ဆင်းရဲနွမ်းပါးတဲ့ရွာငယ်လေးမှာ မွေးဖွားခဲ့တာဖြစ်ပြီး ၁၈ လသမီးအရွယ်မှာ အမေရိကန် ဇနီးမောင်နှံက မွေးစားလိုက်လို့ အမေရိကန်ကို ရောက်လာခဲ့တာပါ။ သူ့ရဲ့ငယ်ဘဝအကြောင်း ပြန်တွေးကြည့်တဲ့အခါ ဆင်းရဲနွမ်းပါးတဲ့ အာဖရိကတိုက်သားတွေကို သူ စာနာမိတယ်။ ဆင်းရဲမွဲတေမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းပေါများမှုဆိုတဲ့ ဆန့်ကျင်ဘက် ၂ ခုကြားမှာ ပညာရေးက အခရာကျတယ်ဆိုတာကိုလည်း သူကောင်းကောင်း နားလည်တယ်။

အဲဒါကြောင့် အာဖရိကရဲ့ မာဒါဂက်စကာကျွန်းနိုင်ငံမှာ 3D Printing နည်းပညာအသုံးပြုပြီး စာသင်ကျောင်း ဆောက်လုပ်ဖို့ စီစဉ်ခဲ့တာပါ။ 3D Printing နည်းပညာအသုံးပြုပြီး ဆောက်လုပ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး စာသင်ကျောင်းကတော့ မာလာဝီနိုင်ငံမှာရှိပါတယ်။ အာဖရိကရဲ့ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်ရေးကုမ္ပဏီ 14Trees က ဆောက်လုပ်ပေးခဲ့တာပါ။

နေ့တစ်ဝက်မကျိုးခင်မှာပဲ စာသင်ကျောင်းရဲ့ နံရံတစ်ဝက်လောက် ပြီးမြောက်ခဲ့ပြီး စာသင်ကျောင်းဆောက်ဖို့ Print ထုတ်တဲ့အချိန်က ၁၈ နာရီပဲ ကြာပါတယ်။ ဒါပေမဲ့ နံရံတစ်ခုလုံး ပြီးစီးသွားချိန်မှာတော့ သီတင်းပတ် ၃ ပတ်ကြာအောင် အခြောက်ခံရပါတယ်။ စာသင်ကျောင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၃ သိန်း ကျသင့်ပေမဲ့ နောက်တစ်ကျောင်း ထပ်ဆောက်ရင်တော့ စရိတ်စက ပိုသက်သာသွားမှာပါ။ 3D Printing နည်းပညာရဲ့ အဓိကအားသာချက်ကတော့ အချိန်ကုန်သက်သာပြီး လုပ်သားအင်အားနဲ့ ပစ္စည်းလိုအပ်ချက်ကို လျှော့ချနိုင်တာပဲ ဖြစ်ပါတယ်။

Thinking Huts က တည်ဆောက်ခဲ့တဲ့ စာသင်ကျောင်းမှာ ကျောင်းသား ၃၀ ပညာသင်ကြားနိုင်မှာဖြစ်ပြီး နောက်နှစ်ကျရင်လည်း မာဒါဂက်စကာနိုင်ငံရဲ့ တခြားဒေသတစ်ခုမှာ နောက်ထပ်စာသင်ကျောင်းတစ်ကျောင်း ထပ်ဆောက်ဖို့ မက်ဂီဂရော့က စီစဉ်နေပါပြီ။” နောင်လာမယ့်မျိုးဆက်ကို ကျွန်မတို့ထက် ထူးချွန်ထက်မြက်အောင် စွမ်းဆောင်ရည်မြှင့်တင်ပေးရမှာပါ။ ပညာသင်ကြားခွင့်ရအောင် စတင်ဆောင်ရွက်ပေးပြီး အားလုံးပူးပေါင်းကြမှပဲ နောက်မျိုးဆက်က ပိုထက်မြက်မှာပါ”လို့ မက်ဂီဂရော့က ဆိုပါတယ်။

လက်ရှိအချိန်မှာ မက်ဂီဂရော့က အသက် ၂၂ နှစ်ပဲ ရှိသေးပေမဲ့ အသက်အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တယ်ဆိုတာကို သူ့ရဲ့လုပ်ရပ်နဲ့ စကားတွေက သက်သေခံနေပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ မက်ဂီဂရော့က” စိတ်ဝမ်းကွဲမှုတွေကို ပိုကြီးထွားအောင် လုပ်နေတဲ့ ကမ္ဘာကြီးထက် တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီကြတဲ့ ကမ္ဘာကြီးမှာပဲ ကျွန်မ နေချင်ပါတယ်” လို့ ဆိုခဲ့ဖူးပါတယ်။

Ref: BBC & Medium

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top