ကွင်းတွင်းခြေစွမ်း ကျဆင်းနေပေမဲ့ စံချိန်တင်ဝင်ငွေရရှိခဲ့တဲ့ မန်ယူ

yyl-026-7.jpg

ဒီရာသီမှာ အသင်းရဲ့ ဦးစားပေးရည်မှန်းချက်တွေကို ထင်ဟပ်ပြနိုင်ခြင်းမရှိသေးပေမဲ့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာတော့ မန်ယူအသင်းက စံချိန်တင်ဝင်ငွေအဖြစ် ပေါင် ၆၂၇.၁ သန်း ရရှိခဲ့ပါတယ်။ မန်ယူဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၆)ပွဲ ကစားပြီးချိန်မှာ ခရစ္စတယ်ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့ကို ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာက လီဗာပူးထက် (၁၀)မှတ်လျော့နည်းနေပါတယ်။

မန်ယူအသင်းရဲ့ ကွင်းတွင်းခြေစွမ်းကို အားမလိုအားမရဖြစ်နေတဲ့ ပရိသတ်တွေအတွက် အသင်းရဲ့ဘဏ္ဍာရေးကိန်းဂဏန်းတွေကဖြေသာစေနိုင်ဖို့ မရှိပါဘူး။ အဲဒီလိုအနေအထားမှာ မန်ယူအသင်း အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ကတော့ ကွင်းတွင်းစွမ်းဆောင်မှုက အဓိကအရေးအပါဆုံးပဲလို့ ပရိသတ်တွေကို အာမခံထားပါတယ်။ မန်ယူဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ မက်ဂွိုင်းရား၊ နောက်ခံအစွန်လူ ဝမ်ဘစ်ဆကာ၊ တောင်ပံကစားသမား ဒန်နီယယ်ဂျိမ်းစ်တို့ကို ခေါ်ယူနိုင်ခဲ့ပေမဲ့ အင်တာမီလန်ထံ ပြောင်းရွှေ့သွားတဲ့ တိုက်စစ်မှူး လူကာကူနေရာကို အားဖြည့်နိုင်ခြင်းမရှိလို့ တိုက်စစ်ပိုင်း အားနည်းနေပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာ နည်းပြဆိုးလ်ရှားနဲ့ အဖွဲ့ဝင်တွေကို အသင်းကို အနာဂတ်အတွက် တည်ဆောက်နေချိန်ဖြစ်လို့ စိတ်ရှည်သည်းခံဖို့လိုပြီး ရေရှည်မဟာဗျူဟာကို အဓိကအာရုံစိုက်သွားရမယ်လို့ အက်ဒ်ဝုဒ်ဝက်က ပြောပါတယ်။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာမန်ယူအသင်းရဲ့ စတော့ရှယ်ယာတန်ဖိုး ၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး တခြားဥရောပကလပ်အသင်းတွေက ဝင်ငွေရရှိမှုအပိုင်းမှာ မန်ယူကို ကျော်တက်သွားတာ၊ ကွာဟချက်လျှော့ချနိုင်တာ စတဲ့ အခြေအနေမျိုးတွေ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ လာလီဂါကလပ် ဘာစီလိုနာက ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေ ယူရို သန်း ၉၉၀ ကျော်ရရှိခဲ့ပြီး ဒီနှစ်မှာ ယူရို တစ်ဘီလျံကျော် ရရှိလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးရဲ့ ဝင်ငွေရရှိမှုကလည်း မြင့်တက်လာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top