ပဝါပစ်တင် အရှုံးပေးခဲ့တဲ့ နည်းပြဆရာကို ထုတ်ပယ်ဖို့ ဒီယွန်တေးဝှိုက်ဒါ စီစဉ်နေ

yyl-032-10.jpg

တိုင်ဆန်ဖျူရီကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပဝါပစ်တင် အရှုံးပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့အတွက် အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါက နည်းပြဖြစ်သူ မက်ခ်ဘရီလန်းကို ထုတ်ပယ်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အဲဒီပွဲစဉ်ရဲ့ တတိယအချီနဲ့ ပဥ္စမအချီတွေမှာ လဲကျခဲ့တဲ့ ဒီယွန်တေးဝှိုက်ဒါဟာ (၇)ချီမှာလည်း ကြိုးဝိုင်းထောင့်ပိတ် ထိုးခံခဲ့ရလို့ နည်းပြ မက်ခ်ဘရီလန်းက ပဝါပစ်တင်ခဲ့တာပါ။ ဒါပေမဲ့ ဒီယွန်တေးဝှိုက်ဒါနဲ့ နည်းပြချုပ် ဂျေးဒက်စ်တို့ကတော့ မက်ခ်ဘရီလန်းရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူကြပါဘူး။ အဲဒီအတွက် ဒီယွန်တေးဝှိုက်ဒါက သူ့ရဲ့နည်းပြအဖွဲ့ကို အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပါပြီ။

“မက်ခ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်တော် စိတ်ပျက်တယ်။ စိတ်ခံစားချက်ကို အသားပေးလို့မရဘူးဆိုတာ အကြိမ်ကြိမ်ပြောခဲ့တယ်။ လက်ဝှေ့ပွဲမှာ ဘယ်လိုပဲဖြစ်နေနေ ပဝါပစ်တင် အရှုံးပေးတာမျိုး ဘယ်တော့မှမလုပ်ဖို့ ကျွန်တော့်အသင်းကို ကျွန်တော် ပြောထားပါတယ်။ ကျွန်တော်က သူများနဲ့မတူတဲ့ လက်ဝှေ့သမားပါ။ နောက်ထပ် ၅ ချီထိုးဖို့ ကျန်ပါသေးတယ်။ အခြေအနေ ဘယ်လိုပဲဖြစ်နေနေ အဲဒီပွဲမှာ ကျွန်တော် နိုင်ခြေရှိနေသေးတယ်’’လို့ ဒီယွန်တေးဝှိုက်ဒါက ပြောပါတယ်။ တိုင်ဆန်ဖျူရီနဲ့ ဒီယွန်တေးဝှိုက်ဒါတို့ ချုပ်ဆိုထားတဲ့ စာချုပ်အရ စိတ်မကျေပွဲ ပြန်ထိုးနိုင်တယ်ဆိုတဲ့အချက် ပါဝင်နေပြီး ဒီယွန်တေးဝှိုက်ဒါက စိတ်မကျေပွဲ ပြန်ထိုးဖို့ လုပ်နေပါတယ်။ အဲဒီပွဲအတွက် နည်းပြသစ်နဲ့ လေ့ကျင့်သွားဖို့ ရှိပါတယ်။ မက်ခ်ဘရီလန်းဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝတုန်းက ၃၅ ပွဲနိုင်၊ ၃ ပွဲ ရှုံးရလဒ်မှတ်တမ်း ပိုင်ဆိုင်ထားပြီး အိုလံပစ်ရွှေတံဆိပ်ဆုရှင်ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top