ခြေကုန်လက်ပန်းကျပြီး လေးလံထိုင်းမှိုင်းသလို ခံစားနေရတယ်ဆိုတဲ့ မက်ဆီ

yyl-025-7.jpg

ဒဏ်ရာကနေ ပြန်သက်သာလာပြီး ဘာစီလိုနာအတွက် ပြန်ကစားပေးချိန်မှာ ခြေကုန်လက်ပန်းကျနေပြီး လေးကန်နေသလို ခံစားရတယ်လို့ မက်ဆီက ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် (၅၁)ဂိုးသွင်းပြီး လာလီဂါဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ဖီဖာတစ်နှစ်တာအကောင်းဆုံး အကောင်းဆုံး ကစားသမားဆု ပူပူနွေးနွေးရရှိထားသူပါ။

ပြီးခဲ့တဲ့နွေရာသီမှာ အာဂျင်တီးနားအတွက် ကိုပါအမေရိကပြိုင်ပွဲ ကစားပေးခဲ့တဲ့ မက်ဆီဟာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရာသီအစ လာလီဂါပွဲစဉ်(၄)ပွဲ လွဲချော်ခဲ့ပါတယ်။ သူဟာ ဒေါ့မွန်နဲ့ ဂိုးမရှိသရေခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ဘာစီလိုနာအတွက် လူစားဝင်ကစားခဲ့သလို ဂရန်နာဒါကို (၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာလည်း လူစားဝင် ကစားခဲ့ပါတယ်။ ဘာစီလိုနာအသင်းက လာလီဂါမှာ ရလဒ်ဆိုးတွေ ကြုံတွေ့နေပေမဲ့ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်ရဖို့ အလျင်စလိုလုပ်မှာမဟုတ်ဘူးလို့ မက်ဆီက ပြောပါတယ်။

”ပွဲမကစားရတာ ၂ လ၊ ၃ လနီးပါးရှိပါပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခြေကုန်လက်ပန်းကျသလို လေးလံထိုင်းမှိုင်းနေသလို ခံစားရပါတယ်။ ဖျတ်လတ်လန်းဆန်းမှုမရှိသေးပါဘူး။ စည်းချက်မှန်ဖို့ လိုနေသေးတယ်။ ပွဲကစားခွင့်ပိုရလာရင် ခြေစွမ်းပိုကောင်းလာမှာပါ။ ဒါပေမဲ့ အလျင်စလိုလုပ်ဖို့တော့မရှိဘူး။ ဒဏ်ရာ ပြန်ဆိုးသွားနိုင်တဲ့ အခြေအနေရှိတယ်လို့ ကလပ်အသင်း ဆရာဝန်တွေက ကျွန်တော့်ကို ပြောပါတယ်။ အဲဒီအတွက် မစွန့်စားသင့်ပါဘူး”လို့ မက်ဆီက ဆိုပါတယ်။

မက်ဆီဟာ ဗီလာရီးရဲလ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပေမဲ့ ပွဲချိန်(၄၅)မိနစ်အရောက်မှာ လူစားလဲခံခဲ့ရပါတယ်။ မက်ဆီကို ဒဏ်ရာမရအောင်
ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာလို့ နည်းပြ ဗယ်ဗာဒီက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top