သိပ်လှလို့ ချစ်သူရှာမရဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြောခဲ့တဲ့ ဘီကီနီမော်ဒယ် ဝေဖန်ခံနေရ

y.png

ဘီကီနီမော်ဒယ် ဂျန်နာ တွန်ဆန် (Jenna Thompson) ဟာ သူကသိပ်လှနေတဲ့အတွက်ကြောင့် ချစ်သူရှာမရဘူးလို့ ဝင့်ကြွားပြီးပြောခဲ့တာကြောင့် ဝေဖန်ခံနေရပါတယ်။ သူက ကလေး (၂) ဦး မိခင်ဖြစ်ပြီး လွန်ခဲ့တဲ့ (၂) နှစ်လောက်ကတည်းက ခင်ပွန်းနဲ့ ကွာရှင်းခဲ့သူဖြစ်ပါတယ်။

တွန်ဆန်က “ကျွန်မက ချစ်သူရဖို့အတွက် သိပ်လှလွန်းနေပါတယ်။ အမျိုးသားတွေက ကျွန်မကို ရှိန်နေကြတယ်လို့ ထင်တယ်။ ပြီးတော့ ကျွန်မက အမျိုးသားတွေကို ဆွဲဆောင်နိုင်တဲ့ပုံပေါ်တယ်နော်”လို့ ပြောခဲ့ပါတယ်။ အသက် (၅) နှစ်အရွယ်နဲ့ အသက် (၁) နှစ် အရွယ်ကလေးတွေရဲ့မိခင် တွန်ဆန်ဟာ “ချိန်းတွေ့ အက်ပလီကေးရှင်း” တွေကိုလည်း ဆန့်ကျင်နေပါတယ်။

ညနေပိုင်းထုတ်လွှင့်ပြသတဲ့တီဗီအစီအစဉ်တစ်ခုမှာ သူ အဲဒီလိုပြောခဲ့ပြီးတဲ့နောက် စပြီး ဝေဖန်ခံခဲ့ရတာပါ။ တွစ်တာအသုံးပြုသူတွေ ရေးခဲ့ကြတဲ့ဝေဖန်မှုတွေမှာတော့ “ချစ်သူရဖို့ သိပ်လှလွန်းတယ်တဲ့လား။ အဲဒီလိုစိတ်ထားကြောင့် မအောင်မြင်တာကို အံ့သြစရာမရှိပါဘူး”၊ “သူ ဘာတွေ ပြောနေတာလဲ။ ဘာမှလည်း ရစရာမရှိဘူး။ မင်းအလှနဲ့ ဘာမှလုပ်စားလို့မရဘူး” စသဖြင့် တွေ့ခဲ့ရပါတယ်။

လောကမှာ မလှချင်တဲ့လူရယ်လို့ မရှိသလို၊ မလှတဲ့သူရယ်လို့လည်း မရှိကြပါဘူး။ ဘာကြောင့်လဲဆိုရင် လူတိုင်းမှာတော့ အလှကိုယ်စီရှိနေတာကြောင့်ပါ။ ဒါပေမဲ့လည်း ကိုယ်ဘယ်လောက်ပဲလှလှ၊ တခြားလူတွေကလှတယ် လို့ အသိအမှတ်မပြုဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်သိပ်လှတယ်လို့ အမွှန်းတင်နေတာတော့ မကောင်းပါဘူး။ တွန်ဆန်က ရုပ်ဆိုးတဲ့သူမဟုတ်ပေမဲ့ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်မိတာကြောင့် ချစ်ခြင်းတွေမရဘဲ ဝေဖန်မှုအဆိုးတွေကို ရရှိသွားခဲ့တယ်လို့ ဆိုရမှာပါ။

Ref: Fox News “Bikini model mocked for claiming she’s ‘too good-looking’ to find love”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top