ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ မောင်းနှင်ပြီး စွန့်ပစ်ပစ္စည်း ရေသာထွက်ရှိတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံးကား

171107131856-riversimple-rasa-doors-exlarge-169.jpg

ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ မောင်းနှင်နိုင်တဲ့ကားများကို ထုတ်လုပ်နေတဲ့ Riversimple ကုမ္ပဏီဟာ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့စွမ်းအားသုံးကားများက အနာဂတ် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အဓိက အရေးပါလာမှာဖြစ်တယ် ဆိုတဲ့ယုံကြည်ချက်နဲ့ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Riversimple ရဲ့ တည်ထောင်သူဖြစ်တဲ့ မော်တော်ကား အင်ဂျင်နီယာ ဟူးဂိုး စပါဝါ (Hugo Spowers)ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ဓာတ်ဆီအင်ဂျင်သုံးကားများ ပြုပြင်ခြင်းအလုပ်တွေကို ရပ်ဆိုင်းခဲ့ပြီး ဟိုက်ဒရိုဂျင်လောင်စာသုံး ယာဉ်များကို စတင်လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဟူးဂိုးစပါဝါ ကတော့ “ကျွန်တော်တို့ လောင်ကျွမ်းအင်ဂျင်တွေဆိုးတာ လျော့သွားအောင် ကြိုးစားနေတာထက် ပိုပြီးကောင်းတဲ့ဟာ တစ်ခုခု လုပ်သင့်နေပါပြီ ”လို့ CNN ကို ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် ဟူးဂိုးနဲ့ သူ့ရဲ့အင်ဂျင်နီယာ အဖွဲ့သားတွေဟာ လက်ဖြင့် တပ်ဆင်ထားတဲ့ Rasa အမည်ရှိ လေခွင်းအား ကောင်းမွန်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအားသုံး ကားတစ်စီးကို တီထွင်ခဲ့ပါတယ်။ ထိုင်ခုံနှစ်ခုံနဲ့ butterfly တံခါးပါဝင်တဲ့ ဒီ Rasa ကားဟာ လောင်စာဖြည့်တင်းမယ်ဆို ၃ မိနစ်သာ ကြာမြင့်ပြီး တစ်နာရီကို ၉၆ ကီလိုမီတာနှုန်းအထိ မောင်းနှင်နိုင်သလို့ အိတ်ဇောပိုက်ကနေလည်း ရေသာထွက်ရှိတဲ့ ကားတစ်စီးဖြစ်ပါတယ်။ Rasa ကားရဲ့ ဘီးတစ်ဘီးချင်းဆီတိုင်းမှာ မော်တာ တစ်လုံးစီရှိပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင်တို့ ပေါင်းစပ်သွားတဲ့အခါ လျှပ်စစ်အားထွက်လာပြီး ကားဘီးများကို လည်စေနိုင်ကာ စွန့်ပစ်ပစ္စည်းအဖြစ် ရေထွက်တယ်လို့သိရပါတယ်။

Riversimple ဟာ နောက်နှစ်အစောပိုင်းမှာ Rasa ကားအစီး ၂၀ ခန့်ကို ဝေးလ်ပြည်နယ် အရှေ့တောင်ပိုင်းရှိ မွန့်မော့ ရှီးယား စီရင်စု (Monmouthshire) မှာ စတင်စမ်းသပ်သွားမှာ ဖြစ်ပြီး Rasa ကို မောင်းနှင့်မယ့် ဒရိုင်ဘာ တစ်ဦးဟာ တစ်ပတ်နေမှ တစ်ခါလောက်ပဲ လောင်စာဖြည့်တင်းဖို့လိုအပ်မှာ ဖြစ်တယ် လို့သိရပါတယ်။ Riversimple ဟာ လောလောဆယ်တော့ ဒီ Rasa ကားတွေကို အပြီးပြတ် ရောင်းချဦးမှာ မဟုတ်ဘဲ တယ်လီဖုန်း Sim Card စာချုပ်လိုပဲ ကားစီးသူများဆီက လစဉ်ကြေးသာ ကောက်ခံသွားမှာပါ။

ဟိုက်ဒရိုဂျင် စွမ်းအင်သုံးကားတွေအတွက် အဓိက အခက်အခဲကတော့ ကမ္ဘာတစ်ဝှမ်းမှာ ဟိုက်ဒရိုဂျင်သုံးကားများအတွက် အခြေခံ အဆောက်အဦးများ နည်းပါးနေခြင်းပဲဖြစ်ပြီး လက်ရှိအချိန် တစ်ကမ္ဘာလုံးမှာမှ ဟိုက်ဒရိုဂျင်စွမ်းအင် ဖြည့်တင်းပေးနိုင်တဲ့နေရာ ၃၀၀ လောက်ပဲ ရှိပါသေးတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံးမှာမှ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားအစီးရေ ၇၀၀၀ ခန့်သာရှိပြီး လျှပ်စစ်ကားတွေကတော့ အစီးရေ ၂ သန်း အထိရှိနေတယ် လို့ Global EV Outlook 2017 ရဲ့ အစီရင်ခံချက်အရ သိရပါတယ်။ ဒီအထဲမှာမှ ဂျပန်နိုင်ငံကတော့ ဟိုက်ဒရိုဂျင်ကား အများဆုံးရှိတဲ့နိုင်ငံ ဖြစ်ပြီး ဂျပန်နိုင်ငံအတွင်းမှာ ဟိုက်ဒရိုဂျင် လောင်စာဖြည့်တင်းပေးတဲ့ ဆိုင်ပေါင်း ၁၀၀ အောက်ရှိတယ် လို့သိရပါတယ်။ ဒါပေမဲ့ ဟိုက်ဒရိုဂျင် စွမ်းအားသုံးကားများကို သိပ်များများ စားစား မထုတ်လုပ်ကြပဲ နာမည်ကျော် ကားကုမ္ပဏီကြီးဖြစ်တဲ့ Toyota လို ကုမ္ပဏီမျိုးတောင် တစ်နှစ်ကို ဟိုက်ဒရိုဂျင် စွမ်းအားသုံး မီရိုင် (Mirai) ကား အစီးရေ ၃၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တယ် လို့သိရပါတယ်။

ဟိုက်ဒရိုဂျင်ကားတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ လုံးဝမထွက်တဲ့ ကောင်းကျိူးရှိပေမဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို ထုတ်လုပ်ရာမှာတော့ စွမ်းအင်ပမာဏ တော်တော်များများကို သုံးစွဲရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဟိုက်ဒရိုဂျင် အများစုကို မီးသိန်း ဓာတ်ငွေ့ (CH₄) မှ ထုတ်လုပ်နေကြပြီး မီသန်းဓာတ်ငွေ့ကို အပူချိန်ပြင်းတဲ့ ရေနွေးနဲ့ ဓာတ်ပြုလိုက်မယ်ဆိုရင် ဟိုက်ဒရိုဂျင်၊ ကာဗွန်မိုနောက်ဆိုဒ်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ အနည်းငယ် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဟိုက်ဒရိုဓာတ်ငွေ့ ထုတ်လုပ်ရေးပါ ထည့်သွင်း စဉ်းစားမယ်ဆိုရင်တောင် ဟိုက်ဒရိုဂျင် ဓာတ်ငွေ့သုံး ကားများဟာ လက်ရှိဈေးကွက်ထဲက ကားတွေအားလုံးထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှု အနည်းဆုံးကား ဖြစ်နေတုန်းပါပဲ။

Toyota ကား ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာ ဖြစ်သူ ဂျင်းယဲဗ့် ဂျော့ (Jean-Yves Jault) ကတော့ ၂၀၃၀ ခုနှစ်မှာဆိုရင် ယာဉ်တွေ အားလုံးရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ ထုတ်လွှတ်မှုဟာ သုည ဖြစ်သွားမယ်လို့ ခန့်မှန်းထားပြီး “ကျွန်တော်တို့ အားလုံး ဟိုက်ဒရိုဂျင်သုံးကားများဟာ အနာဂတ် သယ်ယူပို့ဆောင်ရေးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ လျော့ကျသွားစေဖို့ အတွက် အရမ်းကောင်းတဲ့ အဖြေတစ်ခုလို့ လက်ခံထားပါတယ်။ တစ်ခုတည်းသော အဖြေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းခိုင်မာတဲ့ အဖြေတစ်ခုပါ ”လို့ ပြောဆိုခဲ့ပါတယ်။

Ref : CNN : Naturalenvironment: car that runs on hydrogen and emits only water

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top