ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်နိုင်လို့ အန္တရာယ် ပိုများလာတဲ့ မြောက်ကိုရီးယား

yyl-3-9-004-1.jpg

ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်သစ်တစ်မျိုးကို စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက အတည်ပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နျူကလီးယားကင်းစင်ရေး ဆွေးနွေးမှုတွေ ပြန်လည်စတင်မယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာပဲ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့မေလနောက်ပိုင်း တာတိုပစ်ဒုံးကျည်တွေ စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စမ်းသပ်မှုတွေထဲမှာ စောင့်ကြည့်စရာအကောင်းဆုံး စမ်းသပ်မှုတစ်ရပ် ဖြစ်ခဲ့ပါတယ်။

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ အဲဒီဒုံးကျည်ဟာ အခုနှစ်အတွင်း မြောက်ကိုရီးယားနိုင်ငံရဲ့ ၁၁ ကြိမ်မြောက် စမ်းသပ်မှု ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီအချိန်မှာ ဝမ်ဆန်ကမ်းရိုးတန်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၇ ကီလိုမီတာအကွာကနေ ဒုံးကျည်ပစ်လွှတ်ခဲ့တာလို့ ဆိုပါတယ်။ ပက်ဂုဆောင်-၃ (Pukguksong-3)လို့ အမည်ပေးထားတဲ့ အဲဒီဒုံးကျည်ဟာ အမြင့် ၉၁၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး အကွာအဝေး မိုင် ၂၈၀ ပျံသန်းခဲ့ပြီးနောက် ဂျပန်ပင်လယ်(အရှေ့ပင်လယ်ဟုလည်း ခေါ်ဆို)ထဲကို ကျခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ အရာရှိတွေက ပြောပါတယ်။

ဒုံးကျည်ပျံတက်ခဲ့တဲ့ အမြင့်က နိုင်ငံတကာအာကာသစခန်းရှိရာ နေရာထက် ၂ ဆ ပိုမြင့်ပါတယ်။ ပင်လယ်ပြင်ရဲ့ ပလက်ဖောင်းတစ်ခုကနေ လွှတ်တင်ခဲ့တဲ့ အဲဒီဒုံးကျည်ကို ရေငုပ်သင်္ဘောကနေလည်း လွှတ်တင်နိုင်ပါတယ်။ ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်နိုင်ပြီဆိုရင် မြောက်ကိုရီးယားနိုင်ငံက သူတို့ပိုင်နက်ပြင်ပကို ဒုံးကျည်ပစ်နိုင်စွမ်းရှိလာတဲ့အတွက် ပိုအရေးကြီးတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်လွှတ်ရာမှာ ဒေါင်လိုက်မပစ်ဘဲ ပုံမှန်လမ်းကြောင်းအတိုင်း ပစ်ခတ်မယ်ဆိုရင် အကွာအဝေး မိုင် ၁၂၀၀ အထိ ရောက်ရှိနိုင်လို့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက ဒုံးကျည်ပစ်လွှတ်နိုင်တဲ့ အကွာအဝေးအတွင်း ရောက်ရှိနေမှာပါ။

ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ဒုံးကျည်တွေက ရှာဖွေဖို့ ပိုခက်ခဲပါတယ်။ ပြီးတော့ ပစ်မှတ်တွေကို ပိုနီးတဲ့နေရာကနေ ပစ်ခတ်နိုင်ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအတွင်း တည်ဆောက်ခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ရိုမီယိုအမျိုးအစား ရေငုပ်သင်္ဘောတွေက ကီလိုမီတာ ၇၀၀၀ အကွာအဝေးအထိ မောင်းနှင်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ရေငုပ်သင်္ဘော မောင်းနှင်နိုင်တဲ့ အကွာအဝေးအရ အသွားတစ်ခေါက်တည်း မောင်းနှင်မယ်ဆိုရင် အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းအထိ ရောက်ရှိပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ရေငုပ်သင်္ဘောတွေက ဒီဇယ်စွမ်းအင်သုံးသင်္ဘောတွေဖြစ်လို့ အသံကျယ်ပြီး ရှာဖွေဖို့ လွယ်ကူပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အသုံးပြုခဲ့တဲ့ လောင်စာခဲသုံးစနစ်တွေအနက် ပက်ဂုဆောင်-၃ (Pukguksong-3)ဒုံးကျည်က အကြီးမားဆုံး လောင်စာခဲသုံးစနစ်ဖြစ်ပါတယ်။ လောင်စာခဲသုံးစနစ်က လောင်စာအရည်သုံးစနစ်ထက် အားသာချက်တွေ ပိုများပါတယ်။ လောင်စာအရည် အများကြီးထည့်စရာမလိုသလို ကြိုတင်ပြင်ဆင်ထားဖို့ မလိုတဲ့အတွက် တုံ့ပြန်နိုင်စွမ်းနဲ့ အလိုက်သင့်ဆောင်ရွက်နိုင်စွမ်း ပိုကြီးမားပါတယ်။

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top