Ken Hasegawa အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် အောင်လအန်ဆန် ဆုမွန်ကောင်းတောင်း

D3EcFtlU8AYwMLZ.jpg

ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများသည် ကြိုးဝိုင်းအတွင်း မည်သည့်ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ အနိုင်ရရှိရေးအတွက် ရေကုန်ရေခမ်း မညှာစတမ်း ယှဉ်ပြိုင်တိုက်ခိုက်ရလေ့ရှိသည်။ အားကစားတွင် ညီအစ်ကို၊ မိတ်ဆွေဟူ၍ မရှိပေ။ ပြိုင်ပွဲယှဉ်ပြိုင်နေပြီဆိုလျှင် ပြိုင်ဘက်ဖြစ်သူကို ကြမ်းပြင်ပေါ်လှဲသိပ်နိုင်ရေးအတွက် သင်ယူလေ့လာထားသောပညာရပ်များအသုံးပြုကာ တိုက်ခိုက်လေ့ရှိသည်။

သို့သော် မိမိကြောင့် ပြိုင်ဘက်ဖြစ်သူ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရသွားခဲ့လျှင် အားကစားသမားပီသစွာ၊ လူသားတစ်ယောက်ပီသစွာဖြင့် ဖေးမကူညီ နှစ်သိမ့်ပေးကြသည်မှာ ချစ်စရာလုပ်ရပ်တစ်ခုဟုလည်း ဆိုနိုင်ပါလိမ့်မည်။

အားကစားတွင် ညီအစ်ကို၊ မိတ်ဆွေဟူ၍ မရှိပေ

မတ်လ (၃၁) ရက်တွင် တိုကျိုမြို့၌ကျင်းပခဲ့သော ONE: A NEW ERA ပြိုင်ပွဲကြီး၌ မြန်မာ့စပါးအုံး အောင်လအန်ဆန်က အိမ်ရှင်ဂျပန်ကစားသမား Ken Hasegawa ကို ပြင်းထန်အားပါးသော လက်သီးတွဲလုံးများဖြင့် အနိုင်ထိုးသတ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏သူရဲကောင်း အောင်လအန်ဆန်မှာ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ် ကာကွယ်နိုင်ရေးအတွက် DEEP အလွတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Ken Hasegawa ကို ပွဲစကတည်းက ဖိအားပေးထိုးသတ်နိုင်ခဲ့ပြီး ခြေကန်ချက်များက ဂျပန်ကစားသမား၏ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို အထိနာစေခဲ့သည်။

အောင်လအန်ဆန်က Ken Hasegawa ကို ပွဲစကတည်းက ဖိအားပေးထိုးသတ်နိုင်ခဲ့ပြီး ခြေကန်ချက်များက ဂျပန်ကစားသမား၏ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အပေါ်ပိုင်းကို အထိနာစေခဲ့သည်

မည်မျှအထိ အထိနာစေသနည်းဆိုလျှင် Ken Hasegawa ၏ ဖြူဝင်းသောအသားအရေပင် သွေးရောင်လွှမ်းသွားသည်အထိဖြစ်ခဲ့သလို ညာဖြောင့်လက်သီးများကလည်း ထိရောက်မှုရှိခဲ့သည်။ ဒုတိယအချီပြီးခါနီးတွင် အောင်လအန်ဆန်က ပြင်းထန်အားပါသောညာလက်သီးတစ်လုံးပစ်သွင်းကာ လဲကျသွားချိန်၌ အပေါ်စီးမှ တရစပ်တိုက်ခိုက်ခဲ့သောကြောင့် ဒိုင်ပွဲရပ်အနိုင်ရခဲ့သည်။

ပွဲအပြီးတွင် Hasegawa မှာ ရရှိထားသောဒဏ်ရာများက ပြင်းထန်သောကြောင့် ဆေးရုံတက်ကာ ကုသမှုများခံယူခဲ့ရသည်ဟု ၎င်း၏ Twitter အကောင့်မှတစ်ဆင့် အသိပေးခဲ့သည်။ အားပေးသောပရိသတ်များကို အနိုင်ရလဒ်ယူဆောင်မပေးနိုင်၍ စိတ်မကောင်းဖြစ်မိပြီး နံရိုးများကျိုးကာ အဆုတ်တွင်းသွေးယိုစိမ့်ခဲ့သောကြောင့် သွေးစုပ်ထုတ်ယူရသည်မှာ နှစ်လီတာခန့်ရှိနေပြီဟုလည်း အသိပေးခဲ့သည်။

ပွဲအပြီးတွင် Hasegawa မှာ ရရှိထားသောဒဏ်ရာများက ပြင်းထန်သောကြောင့် ဆေးရုံတက်ကာ ကုသမှုများခံယူခဲ့ရသည်

အရေးပေါ်ခွဲစိတ်ကုသမှုခံရပြီး အန္တရာယ်ကင်းကင်းဖြင့်ပြီးဆုံးသွားခဲ့သည်ဟု Ken Hasegawa က ပရိသတ်များကိုအသိပေးခဲ့သလို ပရိသတ်များ၏မျှော်လင့်ချက်များအပေါ် မဖြည့်ဆည်းနိုင်ခဲ့ခြင်းအတွက် အဖြေပေးစရာပင်မရှိဟုလည်း ရင်ဖွင့်ခဲ့သေးသည်။

ဂျပန်မြေတွင် အိမ်ရှင်နိုင်ငံသားပြိုင်ဘက်ဖြစ်သူကို လက်ရည်အသာစီးဖြင့်ယှဉ်ပြိုင်ထိုးသတ်ကာ ချန်ပီယံဘွဲ့ကို အောင်မြင်စွာကာကွယ်နိုင်ခဲ့သော်လည်း Hasegawa ၏သတင်းဆိုးကို ကြားသိလိုက်ပြီးနောက် အောင်လအန်ဆန်သည် မြန်မာနိုင်ငံသားတို့၏ နူးညံ့သိမ်မွေ့သောနှလုံးသားရှိသည်ကို လှစ်ဟပြခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် မြန်မာ့စပါးအုံးက အားကစားသမားကောင်းတစ်ယောက်၏ ပရိုပီသသော အားကစားစိတ်ဓာတ်ကိုပြသခဲ့ခြင်း ဟုလည်းဆိုနိုင်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က Hasegawa ကို အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အကြံ့ခိုင်ဆုံးပုံစံဖြင့် ပြန်လာနိုင်မည်ကို သိထားကြောင်းလည်း Twitter မှတစ်ဆင့် ရေးသားခဲ့သည်။

အောင်လအန်ဆန်က Hasegawa ကို အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အကြံ့ခိုင်ဆုံးပုံစံဖြင့် ပြန်လာနိုင်မည်ကို သိထားကြောင်းလည်း Twitter မှတစ်ဆင့် ရေးသားခဲ့သည်

” Hasegawa ရေ။ မင်းဟာ ငါ့ကို ပိုကောင်းတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားကောင်းတစ်ယောက်ဖြစ်အောင် လုပ်ပေးခဲ့သလို ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်အောင်လည်း လုပ်ပေးခဲ့တယ်။ မင်းရဲ့စိတ်ဓာတ်ခိုင်မာမှုနဲ့ ဆာမူရိုင်းစစ်သည်တော်တွေရဲ့စိတ်ဓာတ်ရှိတာကို ငါချီးကျူးပါတယ်။ ကြိုးဝိုင်းထဲမှာ မင်းနဲ့အတူ ယှဉ်ပြိုင်ခဲ့ရလို့ ဂုဏ်ယူမိတယ်။ ပြီးတော့ ပွဲပြီးရင် ငါတို့အတူတူ ဆူရှီညစာစားကြမယ်လို့ ပြောခဲ့ကြတယ်လေ။ အဲဒီတော့ အကြွေးကျန်နေသလိုဖြစ်နေတယ်။ မကြာခင် ပြန်တွေ့ကြတာပေါ့ကွာ။ ဒါပေမဲ့ ကြိုးဝိုင်းထဲမှာတော့မဟုတ်ဘူးနော် ” ဟု အောင်လအန်ဆန်က ၎င်း၏ Twitter တွင် ရေးသားထားသည်။

အားငယ်နေသူကို အားပေးခြင်းသည် မင်္ဂလာတရားတော်နှင့်လည်းညီညွတ်ပြီး အောင်လအန်ဆန်၏ အားပေးမှုက ဆေးရုံတွင်ဆေးဝါးကုသမှုခံယူနေရသော Hasegawa အတွက် အရှုံးဒဏ်ကို အနည်းငယ်ဖြေသာစေမည်မှာ သေချာနေပေသည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top