နှစ်ပေါင်း ၇၀ နီးပါးကြာအောင် ကွဲကွာနေခဲ့ကြတဲ့ သားအမိနှစ်ဦးရဲ့ အံ့အားသင့်ဖွယ် ပြန်လည်ဆုံဆည်းမှု

7096220-0-image-a-7_1544113455923.jpg

၁၉၄၉ ခုနှစ်တုန်းက ဂျီနီဗိုင်ဗီ ပါရင်တန် ( Genevieve Purinton) ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ မိန်းကလေးငယ်တစ်ဦးကို မွေးဖွားခဲ့ပါတယ်။ အကြောင်းမလှစွာနဲ့ပဲ သူမွေးခဲ့တဲ့ကလေးငယ်ဟာ အသက်မရှင်ခဲ့ရှာဘူးလို့ သူသိခဲ့ရပါတယ်။

“ကလေးကိုကြည့်ချင်တယ်လို့ ပြောတော့ ဆုံးသွားပြီလို့ သူတို့က ပြန်ပြောခဲ့တယ်” လို့ လက်ရှိ အသက် ၈၈ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဘွားအို ပါရင်တန်က ပြောပြပါတယ်။

တကယ်တော့ အဲဒီကလေး ကော်နီ မူးလ်ထရုပ် (Connie Moultroup) (လက်ရှိ အသက် ၆၉ နှစ်အရွယ်) ဟာ အမှန်တကယ် သေဆုံးသွားခဲ့တာ မဟုတ်ခဲ့ဘဲ မွေးစားမိဘတွေနဲ့ တွေခဲ့ရပြီး ဘဝတစ်လျှောက်လုံး သူ့ရဲ့အမေရင်းကို မသိဘဲ နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ မူးလ်ထရုပ်ရဲ့ သမီးဖြစ်သူ ချေ့စ် ဘွန်နီဆီကနေ ခရစ္စမတ်လက်ဆောင်အဖြစ် မူးလ်ထရုပ်ကို ပေးခဲ့တဲ့ DNA စစ်ဆေးစက်ကြောင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရတဲ့ သားအမိနှစ်ဦး ပြန်ဆုံရဖို့ လမ်းစ ပေါ်လာခဲ့ပါတော့တယ်။

အခုဆိုရင် နှစ်ပေါင်း ၇၀ နီးပါး ကုန်လွန်ခဲ့ပြီးချိန်မှာ မိခင်ဖြစ်သူပါရင်တန်နဲ့ သမီး မူးလ်ထရုပ်တို့ဟာ ဖလော်ရီဒါပြည်နယ် တမ်ပါမြို့မှာရှိတဲ့ ဟယ်လေပါ့ခ် အငြိမ်းစားရိပ်သာရဲ့ သက်ကြီးရွယ်အိုဂေဟာမှာ အကြည့်ချင်း ဆုံနိုင်ခဲ့ကြပါပြီ။

“ငါ့ကလေးကို ကြည့်ပါရစေလို့ပြောတော့ ဆုံးသွားပြီလို့ သူတို့ပြန်ပြောတာပဲ မှတ်မိတော့တယ်” လို့ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က အင်ဒီယားနားပြည်နယ်မှာ သူ ကလေးမွေးခဲ့စဉ်အချိန်ကာလဆီ မှန်းဆရင်း အဘွားအို ပါရင်တန်က ပြောပြပါတယ်။

တကယ်တမ်းမသေဆုံးဘဲ အသက်ရှင်ခဲ့တဲ့ မိန်းကလေးငယ်ဟာ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ နေထိုင်ကြီးပြင်းလာခဲ့ပြီး သူ့အသက် ၅ နှစ်အရွယ်မှာတော့ မွေးစားမိခင် ကွယ်လွန်သွားခဲ့ပါတယ်။

“အသက် ၅ နှစ်လောက်ကတည်းက သူ့အမေရင်းကို ရှာချင်နေခဲ့တာ၊ အဲဒါက သူ့ရဲ့ တစ်ဘဝလုံးစာ စိတ်ကူးဆန္ဒလေ” လို့ မူးလ်ထရုပ်ရဲ့ အသက် ၅၀ အရွယ်သမီးဖြစ်သူ ချေ့စ် ဘွန်နီက ပြောပြပါတယ်။

အနှိပ်ကုထုံးပညာရှင်အဖြစ် လုပ်ကိုင်နေတဲ့ မူးလ်ထရုပ်ကို သူ့သမီး ချေ့စ်က DNA စစ်ဆေးတဲ့စက် လက်ဆောင်ဝယ်ပေးခဲ့ပြီး ချေ့စ်က သူ့ဘာသာ မျိုးရိုးဗီဇ စစ်ဆေးဖို့ ဒီစက်ကို တစ်ကြိမ် အသုံးပြုခဲ့ပါတယ်။ မျိုးရိုးဗီဇ စစ်ဆေးမှုရလဒ်တွေက ကာလရှည်ကြာ အစပျောက်ဆုံးနေခဲ့သူ အဘွား ပါရင်တန်ရဲ့အကြောင်း သူ့ကို ပြောပြဖူးတဲ့ ဝမ်းကွဲ မောင်နှမတချို့နဲ့ ဆက်စပ်နေတာကို ချေ့စ်သိခဲ့ရလို့ လိုက်လံစုံစမ်းပြီးတဲ့နောက် စက်တင်ဘာလ ၈ ရက်နေ့မှာ ပါရင်တန်နဲ့ မူးလ်ထရုပ်တို့အကြား ပထမဆုံးအကြိမ် ဖုန်း အဆက်အသွယ်ရသွားခဲ့ပါတယ်။ ပါရင်တန်က သူ့အီးမေးလ်ထဲမှာ မူးလ်ထရုပ်ရဲ့ ဖုန်းနံပါတ်ကို သိရပြီးခြင်းပဲ ဖုန်းလှမ်းခေါ်ခဲ့တာပါ။

“ဖုန်းထဲမှာ ‘ငါက မင်းရဲ့ အမေ ဖြစ်ရမယ်’ လို့ သူက ပြောတယ်။ ပြီးတော့ ကျွန်မရဲ့ အရင်ကနာမည် မာဂရက် အန်း မစ်ခ်ျ (Magrat Ann Mitch) ဆိုတာကို ကျွန်မ မှတ်မိသေးရဲ့လားလို့လည်း သူက သိချင်နေတာလေ ကျွန်မ မှတ်မိတာပေါ့” လို့ မူးလ်ထရုပ်က ပြောပါတယ်။

မျိုးရိုးဗီဇ စစ်ဆေးတဲ့စက် ထုတ်လုပ်တဲ့ လုပ်ငန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျပ်စမင် ဂျီမီနက်ဇ် (Jasmine Jiminez) ကလည်း ဒီလို နှစ် ၇၀ နီးပါး သမီးနဲ့ ကွဲနေခဲ့တဲ့ ပါရင်တန်အတွက် အကူအညီဖြစ်စေခဲ့လို့ အံ့ဩဝမ်းသာမိကြောင်းနဲ့ ပြန်ဆုံဆည်းရတဲ့ မိသားစုအတွက် ဆုမွန်ကောင်း တောင်းပေးပါကြောင်းကို အီးမေးလ် ပေးပို့ခဲ့ပါတယ်။

“ပြန်တွေ့ကြတော့ ကျွန်မတို့ အားလုံး ငိုမိကြတာ.. အားပါးတရ ငိုကြတော့တာပဲ..ဟိုးတုန်းကတည်းကနေ အခုထိ ရှိနေခဲ့ရတဲ့ မျှော်လင့်ချက်တွေအတွက် မျက်ရည်တွေလေ… ဒါက တကယ့်ကို မယုံနိုင်လောက်အောင် အံ့ဩစရာကောင်းတဲ့ အဖြစ်ပါပဲ” လို့ ချေ့စ်က သူ့အဘွားနဲ့ သူ့မိခင်တို့ ပြန်ဆုံရတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

Ref: NBC News “Woman reunites with daughter she thought had died at birth nearly 70 years ago”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top