၂၀၃၀ ပြည့်နှစ်မှာ ဖော်မြူလာဝမ်းပြိုင်ပွဲကို ကာဗွန်မထွက်တဲ့ ကားမောင်းပြိုင်ပွဲဖြစ်အောင် ပြောင်းလဲမယ်

yyl-3.jpg

ဖော်မြူလာဝမ်းပြိုင်ပွဲက ကမ္ဘာကြီးကို ကယ်တင်ရာမှာ အထောက်အပံ့ဖြစ်တဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်လာစေမယ့် အစီအစဉ်တွေကို ပြိုင်ပွဲစီစဉ်ကျင်းပသူတွေက ရေးဆွဲထုတ်ဖော်ခဲ့ပါတယ်။

ဖော်မြူလာဝမ်းပြိုင်ပွဲလို့ ပြောလိုက်တာနဲ့ လောင်စာဆီ၊ အင်ဂျင်၊ ဆူညံသံ၊ မီးခိုးအနံ့အသက်တွေကို မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ကာဗွန်ထုတ်လုပ်မှု လုံးဝမရှိတဲ့ပြိုင်ပွဲဖြစ်လာအောင် ကြိုးပမ်းသွားမယ်လို့ ပြိုင်ပွဲစီစဉ်ကျင်းပတဲ့ Liberty Media က ပြောပါတယ်။ အနာဂတ်ကာလကျရင် ဖော်မြူလာဝမ်းကားတွေကို ဓာတ်ဆီအသုံးပြုတော့မှာမဟုတ်ဘဲ ဟင်းချက်ဆီ၊ ကောက်ပဲသီးနှံစွမ်းအင် အသုံးပြုသွားဖို့ရှိပါတယ်။

ပရိသတ်တွေအနေနဲ့လည်း ကာဗွန်လျှော့ချနိုင်ဖို့အတွက် သူတို့ရဲ့ကဏ္ဍကနေ ပါဝင်အားဖြည့်ရမှာဖြစ်ပါတယ်။ ဆီကားတွေ အသုံးပြုမှုကို ရပ်တန့်ပြီး အများပြည်သူ ပို့ဆောင်ရေးစနစ်သုံးတာ၊ စက်ဘီးစီးတာ၊ လျှပ်စစ်ကားအသုံးပြုတာမျိုးတွေ လုပ်ပေးကြဖို့ ကမ်းလှမ်းထားတာပါ။ ဖော်မြူလာဝမ်းပြိုင်ပွဲ စည်းမျဉ်းရေးဆွဲရေးအဖွဲ့ FIA ရဲ့ ပံ့ပိုးမှုနဲ့အတူ LIberty ကုမ္ပဏီက တစ်နှစ်ကြာ ကြိုးပမ်းခဲ့ပြီးနောက်မှာ အခုလို အစီအစဉ်ဆွဲနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်တွေအတွင်းမှာ ကမ္ဘာ့ချန်ပီယံဆု (၆)ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ ဗြိတိန် ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ သူ့ပရိသတ်တွေကို တောင်းဆိုခဲ့လို့ အငြင်းပွားစရာ အခြေအနေ ဖြစ်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာ ဖော်မြူလာဝမ်းပြိုင်ပွဲက ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ၂၅၆၀၀၀ တန် ထုတ်လွှတ်နေပေမဲ့ လာမယ့် ၁၁ နှစ်အတွင်းမှာ အဲဒီပမာဏကို သုညအထိ လျှော့ချသွားမယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top