သွင်းဂိုး(၇၀၀)ပြည့်မြောက်ခဲ့ပေမဲ့ စံချိန်တွေကို အစွဲအလမ်း မထားဘူးဆိုတဲ့ ရော်နယ်ဒို

yyl-16-001.jpg

ကစားသမားဘဝမှာ ကလပ်နဲ့ နိုင်ငံအတွက် သွင်းဂိုး(၇၀၀)ပြည့်မြောက်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက စံချိန်တွေကို အစွဲအလမ်းမထားဘူးလို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူကရိန်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းနိုင်ခဲ့ပြီး အဲဒီဂိုးကြောင့် ကစားသမားဘဝမှာ ဂိုး(၇၀၀)ပြည့်မြောက်ခဲ့တဲ့ (၆)ယောက်မြောက် ကစားသမားဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကစားသမား ဘဝတစ်လျှောက် (၉၇၆)ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး(၇၀၀) ပြည့်မြောက်ခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းအတွက်
(၉၅)ဂိုးမြောက် သွင်းဂိုးဖြစ်ပါတယ်။

”ဒါက ဘယ်သူမဆို စွမ်းဆောင်နိုင်တဲ့ ပမာဏမျိုးမဟုတ်ပါဘူး။ ကျွန်တော့်ကို အခုလို ကစားသမားဖြစ်လာအောင် ကူညီပေးခဲ့တဲ့ အသင်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ နည်းပြတွေကို ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ အနိုင်မရခဲ့လို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ အသင်းအတွက် ကျွန်တော် ဂုဏ်ယူပါတယ်။ ကျွန်တော် စံချိန်ဘယ်လောက် တင်နိုင်ခဲ့လဲဆိုတာ မသိပါဘူး။ ဒီအခိုက်အတန့်ကို ကျွန်တော် ပျော်ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်အောင် ကူညီပေးခဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ စံချိန်တွေက သူ့အလိုလိုဖြစ်လာတာပါ။ ကျွန်တော် စံချိန်တွေကို လိုက်မရှာပါဘူး။ စံချိန်တွေက ကျွန်တော့်ကို လိုက်ရှာနေတာပါ။ စံချိန်တွေကို အစွဲအလမ်းမရှိပေမဲ့ သူ့အလိုလို စံချိန်တွေ တင်နိုင်တာပါ”လို့ ရော်နယ်ဒိုက ပြောပါတယ်။

ရော်နယ်ဒိုဟာ ချက်တိုက်စစ်မှူး ဂျိုးဆက်ဘီကန်၊ ဘရာဇီးတိုက်စစ်မှူးတွေဖြစ်တဲ့ ပီလီ၊ ရိုမာရီယို၊ ဟန်ဂေရီတိုက်စစ်မှူး ပွတ်ရှ်ကပ်၊ ဂျာမနီတိုက်စစ်မှူး ဂတ်မူလာတို့နည်းတူ သွင်းဂိုး(၇၀၀)ပြည့်မြောက်ခဲ့ပါပြီ။ ဘောလုံးလောကမှာ ရော်နယ်ဒိုနည်းတူ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီကတော့ ကစားသမားဘဝသွင်းဂိုး ၆၇၂ ဂိုး သွင်းထားပါတယ်။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top