သူ့လက်သီးချက်ကြောင့် ကိုမာဖြစ်သွားတဲ့ ပြိုင်ဘက် လက်ဝှေ့သမားအတွက် ချားစ်ကွန်ဝဲလ် လှိုက်လှိုက်လှဲလှဲ ဆုတောင်း

yyl-16-002.jpg

သူ့ရဲ့လက်သီးချက်ကြောင့် အရေးပေါ် ဦးနှောက်ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ပြိုင်ဘက်လက်ဝှေ့သမား ပက်ထရစ်ဒေးအတွက် ချားစ်ကွန်ဝဲလ်က လှိုက်လှိုက်လှဲလှဲ ဆုတောင်းမှုလုပ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် လက်ဝှေ့သမား ပက်ထရစ်ဒေးဟာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲအပြီး ထမ်းစင်နဲ့ထုတ်ပြီး အနောက်မြောက်ပိုင်းအထိမ်းအမှတ်ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ရပါတယ်။ သူဟာ ကိုမာဖြစ်ပြီး အခြေအနေ တော်တော်ဆိုးရွားနေပါတယ်။

အဲဒီဖြစ်ရပ်အပြီးမှာတော့ အသက် ၂၁ နှစ်ရှိတဲ့ ချားစ်ကွန်ဝဲလ်က ပက်ထရစ်ဒေးနဲ့ဓာတ်ပုံနဲ့အတူ သူ့ရဲ့အင်စတာဂရမ်ပေါ်မှာ ဆုတောင်းမှု လုပ်ခဲ့ပါတယ်။ ”မင်းကို ဒီလိုဖြစ်သွားအောင် မရည်ရွယ်ခဲ့ရိုးအမှန်ပါ။ အနိုင်ရချင်ခဲ့တာပဲရှိပါတယ်။ ဒီအခြေအနေအားလုံးကို အသစ်တစ်ဖန်ပြန်စလို့ရရင် ငါ ပြန်စချင်ပါတယ်။ ဒါက ဘယ်သူမှ မကြုံတွေ့သင့်တဲ့ အခြေအနေမျိုးပါ။ ငါတို့ထိုးခဲ့တဲ့ပွဲမြင်ကွင်းကို ခေါင်းထဲမှာ အခေါက်ခေါက် ပြန်စဉ်းစားမိနေတယ်။ ဒီလို မဖြစ်ခဲ့ရင်ကောင်းမယ်၊ ဘာကြောင့် မင်း ဒီလိုဖြစ်သွားတာလဲဆိုတာ တွေးရင်းနဲ့ပေါ့။ ငါလည်း အတွေးတွေ ချာချာလည်နေပြီ။ မင်းအတွက် အကြိမ်ကြိမ် ဆုတောင်းနေပါတယ်။ မျက်ရည်တွေလည်း ကျမိတယ်။ငါ့မိသားစုနဲ့ သူငယ်ချင်းတွေ ဘယ်လိုခံစားနေရမလဲဆိုတာ တွေးတောင်မတွေးရဲဘူး။ ဘယ်နေရာသွားသွား မင်းကိုပဲ မြင်နေတယ်။ ငါကြားသမျှလည်း မင်းအကြောင်းတွေချည်းပဲ။ လက်ဝှေ့လောကကနေ ထွက်သွားဖို့တောင် တွေးမိတယ်။ ဒါပေမဲ့ မင်းက အဲဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူးဆိုတာ ငါသိတယ်”လို့ ချားစ်ကွန်ဝဲလ်က ရေးသားခဲ့ပါတယ်။

ချားစ်ကွန်ဝဲလ်ရဲ့ ကြင်နာမှုအပြည့်ပါဝင်တဲ့ မက်ဆေ့အတွက် ကျေးဇူးတင်ပြီး ဒီဖြစ်ရပ်အတွက် သူ့ကို အပြစ်မတင်ဘူးလို့ပက်ထရစ်ဒေးရဲ့ နည်းပြက ပြောပါတယ်။ ”မင်း အိပ်မက်တွေကို ဆက်လက် အကောင်အထည်ဖော်လို့ လက်ဝှေ့ဆက်ကစားပါ၊ ပက်ထရစ်ဒေးကလည်း မင်းကို လက်ဝှေ့ဆက်ကစားစေချင်တယ်”လို့ ဆိုခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top