အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၉-၅-၂၀၁၉ မှ ၂၅-၅-၂၀၁၉ ရက်နေ့အထိ)

Bay-Din-19to25-may.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၉-၅-၂၀၁၉ မှ ၂၅-၅-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက်လည်း တနင်္ဂနွေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများ အတိုက်အခိုက်များနေပါဦးမည်။ အစုအစပ်လုပ်ငန်းလုပ်ကိုင်သူများ ပြသနာတက်သည့်အချိန်ဖြစ်သည်။ မိမိပြောခဲ့သည့် ကတိအတိုင်း မဖြစ်သည့်အပေါ် အစုအစပ်ရှယ်ယာရှင်များ၏ ထိုးနှက်ခြင်းကိုခံရမည်။ အထူးသဖြင့် သတ္တုတူးဖော်ဖြင်း၊ ရွှေတူးခြင်းနှင့် ကျောက်စိမ်း စသည့်ရတနာပစ္စည်းတူးဖော်သူတို့တွင် ထိုပြဿနာပိုကြီးတတ်သည်။ ကျန်းမာရေးအနေဖြင့် သွေးတိုး၊ ဆီးချိုနှင့် အရိုးအကြောရောဂါရှင်များ သတိထားရမည့်အချိန်ဖြစ်ပါသည်။ အချစ်ရေးတွင် မိမိချစ်ရသူ၏ အဖြေရရန် အလွန်ခက်နေမည်။ အပြိုင်အဆိုင်ပေါ်နေမည်။ အိမ်ထောင်ရှင်များအတွက် ယခုရက်ပိုင်း အခြေအနေကောင်းပါသည်။ ဘုရားဖူးခရီးသွားရတတ်သည်။ ပညာရေးသမားများ စာမေးပွဲအောင်မည်။ ရွှေ၊ကျောက်မျက်ရတနာ ဝင်တတ်ထွက်တတ်ပါသည်။ အစိုးရဝန်ထမ်းများ အလုပ်များနေတတ်သည်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၆၊ ၄။ ယတြာ – ငှက်ကလေးများကို အစာကျွေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ စီးပွားရေးလုပ်ငန်းများ အတော်လေးကောင်းနေပြီး မည်သည့်အလုပ်ကိုမဆို ရဲရဲလုပ်သင့်သည့်အချိန်ဖြစ်သည်။ စန်းကောင်းနေသည့်အချိန်ဖြစ်သည်။ လောင်ကစားလုပ်ခြင်း၊ လောင်စာဆီရောင်းဝယ်ခြင်းမျာ်တွငိအနည်းငယ်ညံ့နေသည်မှအပ ကျန်လုပ်ငန်းများ ကောင်းနေပါသည်။ လူယုံသတိထားပါ။ စုကြေးငွေ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ်ချေးငွေကိစ္စများအတွက် ယခုတစ်ပတ် ပိုသတိထားပါ။ ကျန်းမာရေးအနေနှင့် အဆုတ်၊ လေရှူခြင်းနှင့်ဆိုင်သောရောဂါ သတိပြုပါ။ အချစ်ရေးအနေနှင့် ချစ်သူနှင့်အဆင်ပြေလိမ့်မည်။ အိမ်ထောင်ရေး အခြေအနေကောင်းပါသည်။ ဆွေမျိုးများထံမှ လက်ဆောင်ရတတ်သည်။ ပညာရေးသမားများ အထူးကြိုးစားရမည်။ မြေ၊ အိမ် အဝင်ကောင်းပါသည်။ ဝန်ထမ်းများ ရာထူး (သို့) နေရာပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၇။ ယတြာ– တနင်္လာနေ့တွင် ရေသန့်လှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများ ကံတက်နေပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ စားသောက်ကုန်နှင့် အိမ်အလှဆင်လုပ်ငန်းများ ကံကောင်းချိန်ဖြစ်သည်။ အစုစပ်လုပ်ငန်းသတိထားပါ၊ မိမိလုပ်ကိုင်သောစီးပွားရေးတွင် အစုအစပ်လုပ်သူများနှင့် စကားပြောရမည့်အချိန်ဖြစ်သည်၊ ယခုအချိန်တွင် ရေနှင့်ဆိုင်သောလုပ်ငန်းကိုအကြောင်းပြုပြီး ဝင်ငွေတိုးတက်မည်။ ကျန်းမာရေးအနေနှင့် ကျောက်ကပ်နှင့်အသည်းရာဂါရှင်များ သတိထားရလိမ့်မည်။ အချစ်ရေးတွင် ကံကောင်းနေပြီး အဖြေရရန် ကြိုးစားပါ။ အိမ်ထောင်ရှင်များ အဆင်ပြေမည်။ သားသမီးအတွက် စိတ်ညစ်ရမည်။ ပညာရေးသမားများစိတ်ချမ်းသာရမည်။ ဝန်ထမ်းများ စာရွက်စာတမ်းပျောက်တတ်သဖြင့် သတိပြုရမည့်အချိန်ဖြစ်သည်။

အကျိုးပေးဂဏန်း – ၃ ၊ ၁ ၊ ၆။ ယတြာ – အင်္ဂါနေ့တွင် ရဟန်းတစ်ပါးကို ငွေလှူပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့ အညံ့အားကောင်းနေသည့်အချိန်ဖြစ်သဖြင့် မည်သည့်အလုပ်ကို လုပ်လုပ် သတိထားလုပ်ကိုင်ရန်လိုပါသည်။ သတင်းမှား၊ အမြင်မှားများကိုအခြေခံပြီး ဆုံးဖြတ်ချက် အမှားများချမိရာမှ ငွေကြေးတွေဆုံးတတ်သကဲ့သို့ အလွန်ခင်မင်ရသည့် မိတ်ဆွေများကိုလည်း ဆုံးရှုံးရတတ်ပါသည်။ စားသောက်ဆိုင်လုပ်ငန်း၊ ဈေးရောင်း၊ ဆိုင်ဖွင့်လုပ်ငန်းများ ကောင်းပါသည်။ အထူးသဖြင့် စကားဖြင့်ပြောဆိုလုပ်ကိုင်ရသော ရှေ့နေ၊ အကျိုးဆောင်နှင့် အနုပညာနယ်ပယ်မှအဆိုတော်များ သတိထားပါ။ ဤတစ်ပတ်အတွင်း ကံညံ့နေပြီး အလိမ်ခံရတတ်သဖြင့် သတိပြုပါ။ ကျန်းမာရေးအနေဖြင့် အရိုးအကြောရောဂါ နှင့် ဒူးနာ၊ ခါးနာရောဂါများ ဆက်ဖြစ်နေတတ်သဖြင့် အထူးသတိထားရမည်။ အချစ်ရေးတွင် ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ နှစ်ဘက်မိဘတို့ကိုအကြောင်းပြုပြီး လက်ထပ်ရန် အတင်းအကြပ်တိုက်တွန်းခံရတတ်သည်။ အိမ်ထောင်သည်များ သံသယများနေတတ်သည်။ ပညာရေးတွင် ဇွဲတင်းထားရမည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု – ရာဟုသားသမီးများ အချစ်ရေးအတွက် စိတ်ညစ်ရတတ်ပြီး ကြားလူကြောင့် သောကရောက်ရမည်။ သတိပြုပါ။ စီးပွားရေးတွင် စားသောက်ဆိုင်လုပ်ငန်း ကောင်းပါသည်။ ဝန်ထမ်းဖြစ်ပါက အထူးသတိထားပါ၊ အထူးသဖြင့် စတိုမှူးများ သတိရှိပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ဝ။ ယတြာ – ယခုတစ်ပတ်အတွင်း တိရိစ္ဆာန်များကို သောက်ရေတိုက်ပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသပတေးသားသမီးတို့အတွက် စီးပွားရေး အခြေအနေမှာ အသင့်အတင့်သာဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းလုပ်ကိုင်သူများ အခက်အခဲတစ်ခုမဟုတ် တစ်ခုကြုံနေရမည့် အချိန်ဖြစ်သည်၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းများ အခြေအနေကောင်းပါသည်၊ ကျန်းမာရေးအနေနှင့် ဦးခေါင်းကိုက်ခဲခြင်း၊ မျက်လုံးကြည့်မကောင်းခြင်းဖြစ်တတ်သည်။ အချစ်ရေးနှင့်ပတ်သက်ပြီး ကံကောင်းပါသည်။ နှစ်ဘက်မိဘတို့ ရန်ဖြစ်တတ်သဖြင့် သတိထားရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်သည်များလည်း ရန်ပေါ်နေတတ်သည်။ ပညာရေးလိုက်စားနေသော သင်တန်းသားများ ကျန်းမာရေးသတိပြုပါ။ အထူးသတိပြုရန်မှာ ပြည်ပခရီးသွားမည့်သူများ စာရွက်စာတမ်းကိစ္စ အနှောက်အယှက်ဖြစ်တတ်သည်။ ဝန်ထမ်းများ ကံအနည်းငယ်ညံ့နေမည်။

အကျိုးပေးဂဏန်း – ၁၊ ၃၊ ၅။ ယတြာ – အိမ်ရှိဘုရားတွင် မေမြို့ပန်းများ လှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့ စီးပွားရေးလုပ်ငန်းများတွင် ကံကောင်းနေမည်။ သစ်လုပ်ငန်း၊ သစ်တောနှင့်ပတ်သက်သည့်လုပ်ငန်း၊ သစ်လုပ်ငန်း၊ ပရိဘောဂလုပ်ငန်းများ ကောင်းပါသည်။ အခြားသစ်တောထွက်ပစ္စည်းများ၊ ကုန်ပစ္စည်းများကောင်းပါသည်။ ကျန်းမာရေးအနေနှင့် အဆုတ်၊ လေပြွန်နှင့်ပတ်သက်သောရောဂါဖြစ်တတ်သည်။ ယဉ်မတော်တဆဖြစ်ပြီး ဦးခေါင်းထိခိုက်မိတတ်သည်။ ခွဲစိတ်ခန်းဝင်ရမည့်သူများ သွေးသွင်းရာတွင် အထူးသတိထားရန်လိုအပ်သည်။ အချစ်ရေးတွင် ကံကောင်းနေပြီး မထင်မှတ်ဘဲ ချစ်သူနှင့်အပျော်ခရီးသွားရတတ်သည်။ အိမ်ထောင်ရေးသမားများ ကံကောင်းသော်လည်း အလုပ်ကြောင့် ခွဲနေရမည်။ ပညာရေးသမားများ စာမေးပွဲအောင်ပါလိမ့်မည်။ စက်ပစ္စည်းများ၊ ကား၊ အင်ဂျင်စက်ကြီးများ ဝင်မည် ထွက်မည်။ ဝန်ထမ်းများ အထူးကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၂၊ ၄၊ ၆။ ယတြာ – သောကြာနေ့တွင် ဘုရားရေသပ္ပါယ်ပေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့၏ စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာသည့်အချိန်ဖြစ်ပါသည်။ လုပ်ငန်းသစ်၊ နေရာသစ်များတွင် မိမိလုပ်ငန်းနာမည်ရလာပါလိမ့်မည်။ ဘဏ်လုပ်ငန်းများ သတိဖြင့်ဆောင်ရွက်ပါ။ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နှင့် အစားအသောက်လုပ်ငန်းများ အထူး ကံကောင်းမည့်အချိန်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့်လေနှင့်ဆိုင်သောရောဂါရတတ်သည်၊လေဖြတ်တတ်သည်။ ကျောက်ကပ်နှင့်ဆိုင်သော ရောဂါဖြစ်တတ်သည်။ အချစ်ရေးတွင် ကံညံ့နေပြီး မိမိချစ်သူအား အခြားသူက ဖြတ်ခုတ်သွားတတ်သည်။ အိမ်ထောင်ရေးအနေနှင့် အကြောင်းမဲ့ ရန်ပေါ်နေတတ်သည်။ လုပ်ငန်းကိစ္စကို အကြောင်းပြုပြီး တစ်ယောက်အပြစ်တစ်ယောက်မြင်နေတတ်သည့်အချိန်ဖြစ်သည်။ ဆင်ခြင်ပါ။ ကား၊ ဆိုင်ကယ် စသည့် စက်ပစ္စည်းများဝင်ကိန်းရှိနေပါသည်။ ပညာရေးသမားများ ကြိုးစားရမည့်အချိန်ဖြစ်သည်။ ဝန်ထမ်းများ ကောင်းပါသည်။ လက်နက်ကိုင်ဝန်ထမ်းများ အထူးသတိထားရန်လိုပါသည်။

အကျိုးပေးဂဏန်း – ဝ၊ ၅ ၊၃။ ယတြာ – စနေနေ့တွင် ထန်းလျက်ခဲများလှူပေးပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top