ဆယ်စုနှစ်ရဲ့ အကောင်းဆုံးအားကစားသမားဆုကို လီဘရွန်ဂျိမ်းစ်ရသွားလို့ မေဝယ်သာ မကျေမနပ်ဖြစ်နေ

yyl-031-8.jpg

ဆယ်စုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားသမားအဖြစ် ဘတ်စကတ်ဘောကြယ်ပွင့် လီဘရွန်ဂျိမ်းစ်ကို ရွေးချယ်ခဲ့လို့ အောင့်သက်သက်ဖြစ်မိတယ်လို့ အမေရိကန်လက်ဝှေ့သမားဟောင်း မေဝယ်သာက ပြောပါတယ်။ AP သတင်းဌာနက ချီးမြှင့်တဲ့ ဆယ်စုနှစ်ရဲ့ တစ်နှစ်တာအကောင်းဆုံး အမျိုးသားအားကစားဆုကို သူရသင့်တယ်လို့ မေဝယ်သာက ဆိုခဲ့သလို အရင်ဆယ်စုနှစ်(၂၀၀၀-၂၀၁၀)မှာလည်း သူပဲ ဆုရသင့်တယ်လို့ ဆိုပါတယ်။ အသက် ၄၂ နှစ်ရှိတဲ့ မေဝယ်သာဟာ လက်ဝှေ့သမားဘဝမှာ ပွဲ(၅၀)လုံး အနိုင်ရခဲ့ပြီး ဝိတ်တန်း(၅)တန်းရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ သူဟာ ၂၀၁၇ ခုနှစ် သြဂုတ်လက နောက်ဆုံးထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲစဉ်မှာ(အဲဒီပွဲစဉ်အပြီး ဂျပန်ကစ်ဘောက်ဆင်သမား နာဆုဂါဝါနဲ့ပွဲကို သရုပ်ပြပွဲအဖြစ်သာ သတ်မှတ်)မက်ဂရီဂေါ်ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့ပါတယ်။

“ ၁၉၉၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် ကြားကာလအကြောင်းပြောရင် ဆယ်စုနှစ်ရဲ့ အားကစားသမားဆုကို ကျွန်တော် တစ်ခါမျှ မရခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဖို့ဘ်မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးအားကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပါတယ်’’လို့ မေဝယ်သာက ပြောပါတယ်။ စပွန်ဆာစာချုပ်တွေကနေ ဝင်ငွေကောင်းနေတဲ့ လီဘရွန်ဂျိမ်းစ်ကိုလည်း မေဝယ်သာက ထိုးနှက်ခဲ့ပါတယ်။ “ကျွန်တော့်နောက်မှာ Gatorade တို့၊ Sprite တို့၊ Nike တို့ မရှိပါဘူး။ အဲဒီကုမ္ပဏီတွေက ဒေါ်လာဘီလျံချီ ချမ်းသာပါတယ်။ ဒါတွေက ယာယီပါ။ သူတို့ဘက်က ငွေအလုံအလောက်ပေးထားရင် ကိုယ်လိုချင်တာရတာပေါ့။ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော်က ဆယ်စုနှစ်ရဲ့ အကောင်းဆုံး အားကစားသမားပါ။ တကယ်တမ်းပြောရရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုရဲ့ အကောင်းဆုံး အားကစားသမားပါ’’လို့ မေဝယ်သာက ပြောပါတယ်။ ဆယ်စုနှစ်ရဲ့ အကောင်းဆုံး အမျိုးသားအားကစားသမားဆုအတွက် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ အမေရိကန်ဘောလုံးသမား တွမ်ဘရက်ဒီ၊ အိုလံပစ် တာတိုအပြေးသမား အူစိန်ဘော့ အစရှိသူတွေ ဆန်ခါတင်စာရင်း ဝင်ခဲ့ပေမဲ့ LA Lakers အသင်း ကြယ်ပွင့် လီဘရွန်ဂျိမ်းစ်က သူတို့ကို ကျော်ဖြတ်ပြီး ဆုရခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top