အားလပ်ရက်၊ ပိတ်ရက်တွေမှာ အာဟာရပြည့်အစားအစာတွေပြင်ဆင်ဖို့အချက် (၆) ချက်

healthy-grocery-shopping-1038x576.jpg

အားလပ်ရက်၊ ပိတ်ရက်တွေနီးပြီဆို စူပါမားကတ်တွေမှာ ဈေးဝယ်ထွက်ကြတဲ့မိသားစုတွေကိုကြည့်ရင်း တွေးမိတယ်။ ဒီလောက်စားစရာတွေအများကြီးကို ဘယ်လိုကုန်အောင်စားပစ်ကြမှာလဲလို့။ တချို့မိသားစုဆို လူသိပ်များပုံမှမရတာ။ မိသားစုလူစုံတုန်း စားသောက်စရာတွေ ပြင်ဆင်ပြီး စားပွဲလေးတွေ လုပ်ကြမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ ကျန်းမာရေးအတွက်ကောင်းတာ၊ မကောင်းတာ ဘာတွေပါသလဲ၊ ဘယ်လောက်ပမာဏများများ စားလို့သင့်တော်မလဲ (တချို့အစားအစာတွေက အများကြီးစားရင် ဘေးဖြစ်တတ်ပါတယ်)၊ ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကို ရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ။

ကလေးတွေအတွက် သင့်တော်ရဲ့လား၊ လူကြီးမိဘတွေအတွက်ရော ဘယ်အရာကို ရွေးချယ်သင့်သလဲ စတဲ့ ထည့်တွေးစရာတွေကအများကြီးပါ

ဒီတော့ အားလပ်ရက်အတွက် အစားအစာတွေပြင်ဆင်တဲ့အခါ ပျော်စရာလည်းဖြစ်၊ အာဟာရလည်းပြည့်၊ ဘေးလည်းကင်းစေဖို့ ထည့်စဉ်းစားသင့်တဲ့အချက်လေးတွေ အကြံပြုလိုက်မယ်နော်။

ဈေးတွေလျှောက်မဝယ်ခင်မှာ အစီအစဉ်ဆွဲပါ

အိမ်မှာပဲလား၊ ခရီးသွားကြမှာလားဆိုတာကလည်း အရင်တွေးတာကောင်းပါတယ်။ ဒါမှ လိုအပ်သလို ကြိုတင်ပြင်ဆင်ရမှာကိုး။ ဥပမာ ခရီးသွားကြမယ်ဆို လမ်းမှာစားဖို့ မုန့်တွေ၊ စားစရာတွေ ဝယ်ရမယ်၊ ကျန်းမာရေးနဲ့ညီတာဖြစ်ဖို့တော့လိုတာပေါ့။ ကလေးအတွက် ဆောင်သွားရမယ့် အာဟာရနို့မှုန့်ဘာညာနဲ့ အသုံးအဆောင်တွေလည်းပြင်ဆင်ရမယ်။ အသီးအနှံလေးတွေပါရမယ်။ အစီအစဉ်မရှိဘဲဆို တွေ့ရာဝယ်၊ ရှိရာစား နဲ့ ကျန်းမာရေးနဲ့မညီတာတွေ ပိုစားမိတတ်ပါတယ်။

ကလေးတွေပူဆာတိုင်း ဝယ်မပေးပါနဲ့

ပိတ်ရက်အတွက် ဈေးဝယ်ထွက်တဲ့အခါ ကလေးကတော့ မြင်မြင်ရာမုန့်တွေ၊ အချိုရည်တွေ လက်ညှိုးထိုးမှာပဲ။ ကြော်ငြာကောင်းတာတွေ သဘောကျတယ်၊ အချိုများတာတွေကြိုက်တယ်၊ အပြင်အဆင်လှရင် မက်တယ် ဆိုတာ ကလေးသဘာဝပဲလေ။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေကို မိဘက စောင့်ကြည့် ရွေးချယ်ပေးရမှာပါ။

အစားအသောက်ပြင်ဆင်တဲ့အချိန် ကလေးတွေကိုပါဝင်ခိုင်းပါ

ကလေးတွေက သူတို့ကိုယ်တိုင်ဝင်လုပ်ထားတဲ့ စားစရာကို စားချင်စိတ်ပိုဖြစ်တတ်ပါတယ်။ အရွက်ခြွေခိုင်းတာ လိုမျိုး ဝင်ကူလုပ်ပေးတယ်ဆိုရုံလေး လုပ်စရာတစ်ခုခုပေးထားဖို့ပါ။ သူပါးစပ်ထဲထည့်လိုက်လည်း အန္တရာယ်မရှိ နိုင်လောက်တဲ့ အသီးအရွက်တို့ဘာတို့ ဖြစ်ရပါမယ်။

ပမာဏအများကြီးတွေ အတင်းမစားကြပါနဲ့

စားကြသောက်ကြနဲ့ပျော်စရာကောင်းတယ်ဆိုပေမယ့် ပြင်ဆင်ထားတဲ့ စားစရာတွေကိုလည်း ကုန်သလောက်ပဲ စားသင့်ပါတယ်။ ကလေးကိုလည်း လွှတ်မထားဘဲ သင့်တော်သလောက်ပဲ ကျွေးပါ။ ပုံမှန်စားနေကျ အာဟာရထက်ကျော်လွန်ပြီး သီးသန့်ပြင်ဆင်ချက်ပြုတ်ကြတဲ့စားစရာတွေဟာ အဆီဓာတ်၊ ကယ်လိုရီနဲ့ အချိုဓာတ်၊ အငန်ဓာတ်တွေ ပိုကဲတတ်ပါတယ်။

ဘေးမရှိတဲ့သွားရည်စာလေးတွေ ဖန်တီးပါ

ပြုပြင်ဖန်တီးထားတဲ့၊ အချိုများတဲ့မုန့်တွေထက် ကိုယ်တိုင်လုပ်တဲ့ မုန့်လေးတွေက ပိုအန္တရာယ်ကင်းပြီး အာဟာရပြည့်ပါတယ်။ လတ်ဆတ်မှုရယ်၊ တာရှည်ခံပစ္စည်းမပါဝင်တာရယ်၊ အရောင်တု အရသာတုတွေ မပါဝင်တာရယ်နဲ့ပဲ အာဟာရတန်ဖိုးက အရမ်းကွာခြားနေပါပြီ။ အချိုတည်းဖို့ အသီးလေးတွေစားတာလည်း ကောင်းပါတယ်။

အစားအစာရွေးတဲ့အခါ ကျန်းမာရေးနဲ့ပိုညီညွတ်တာကို ဦးစားပေးပါ

ဥပမာ ဟမ်ဘာဂါ သို့မဟုတ် ပီဇာတွေဆို ဝယ်စားမယ့်အစား အဆီလျှော့၊ အရည်အသွေးကောင်းတဲ့ ပါဝင်ပစ္စည်းတွေသုံးပြီး ကိုယ်တိုင်လုပ်ကျွေးပါ။ မလုပ်နိုင်ရင် မိသားစုအကြိုက်တွေ့စေမယ့် စားစရာတစ်ခုခုကို အစားထိုးပါ (ဥပမာ ကြေးအိုး ဖြစ်ဖြစ်)။ ဒီအစားအစာတွေက တစ်ခါတလေတော့ စားလို့ပြဿနာမရှိပေမယ့် များရင်တော့ အဝလွန်ခြင်းကစပြီး သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်းတွေအထိ ဖြစ်လာစေနိုင်လို့ပါ။ ဝယ်စားကြမယ်ဆိုလည်း အဆီများ၊ အငန်များ၊ အချိုများတဲ့ အမှတ်တံဆိပ်တွေ၊ စားသောက်ဆိုင်တွေကို ရှောင်ပါ။

ဓာတ်မတည့်မှု သတိထားပါ

ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအသောက်တွေရှိနိုင်တာကြောင့် အစားစုံကျွေးတဲ့အခါ သတိထားပါ။ ကလေးနဲ့မတည့်တဲ့ပါဝင်ပစ္စည်းတွေကို ရှောင်ဖို့ မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ညီအောင်စားပါဆိုလို့လည်း စားကောင်းတာတွေအကုန်ရှောင်ဖို့ မဟုတ်ပါဘူးနော်။ အတိုင်းအချင့်နဲ့ ဆင်ခြင်စားသုံးရင် ဘေးကင်းပျော်ရွှင်နိုင်ပါတယ်။

Ref: Hello ဆရာဝန်
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top