မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ ဒေါ်လာ ၁၀၀ တန် မင်္ဂလာဝတ်စုံကို ဝတ်ပြီး မင်္ဂလာဆောင်ခဲ့တဲ့ သတို့သမီး

31-8-2022-yyl-02.jpg

သတို့သမီးဆယ်ရီနာနဲ့အတူ မြင်တွေ့ရတဲ့ ဒီမင်္ဂလာဝတ်စုံကိုပဲ ဝတ်ဆင်ပြီး မင်္ဂလာဆောင်ခဲ့ကြတဲ့ အမျိုးသမီး (၆) ဦး

ဆယ်ရီနာ စတုန်းဘာ့ဂျ် လီပါရီ ဆိုသူအမျိုးသမီးဟာ ဩဂုတ်လ ၅ ရက်နေ့က လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာဆောင်တဲ့အချိန် လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက မင်္ဂလာဝတ်စုံကို သူ ဝတ်ဆင်ခဲ့တာပါ။ အဲဒီမင်္ဂလာဝတ်စုံက ထူးခြားပါတယ်။ ၁၉၅၀ ခုနှစ်က သူ့အဘွား ဒေါ်လာ ၁၀၀ နဲ့ ဝယ်ယူခဲ့တဲ့ ဝတ်စုံပါ။ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံလည်းဖြစ်ပါတယ်။

ချီကာဂိုမြို့မှာ ခရစ် လီပါရီနဲ့ မင်္ဂလာဆောင်တဲ့အချိန် ဆယ်ရီနာက သူ့မိသားစုမှာ အဘွားဖြစ်သူရဲ့မင်္ဂလာဝတ်စုံကို ဝတ်ဆင်ပြီး မင်္ဂလာဆောင်တဲ့ (၈) ယောက်မြောက်သတို့သမီးဖြစ်လာခဲ့ပါတယ်။ ဆယ်ရီနာက ဒီဝတ်စုံကို အမြဲဝတ်ချင်ခဲ့တာပါ။ သူက အဲဒီဝတ်စုံရဲ့ဓာတ်ပုံတွေကို ကြည့်ပြီး ကြီးပြင်းလာခဲ့ရင်းနဲ့ ၂၀၁၃ ခုနှစ်က မိသားစုမင်္ဂလာပွဲတစ်ခုမှာ ကိုယ်တိုင်မြင်တွေ့ခဲ့ပြီး အဲဒီဝတ်စုံကို နှစ်သက်သွားခဲ့ပါတယ်။

ဒီမင်္ဂလာဝတ်စုံကို ပထမဆုံးဝတ်ဆင်ခဲ့တဲ့ ဆယ်ရီနာရဲ့ အဘွား အဒဲလ် လာဆန် စတုန်းဘာ့ဂျ်

အဲဒီမင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့တာ ဆယ်ရီနာအပါအဝင် သတို့သမီး (၈) ဦးရှိခဲ့ပြီး တစ်ယောက်မှ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲတာမရှိခဲ့ပါဘူး။ မင်္ဂလာဝတ်စုံကို ပထမဆုံးဝတ်ဆင်ခဲ့တဲ့ အဘွားဖြစ်သူ အဒဲလ် လာဆန် စတုန်းဘာ့ဂျ်ကတော့ သက်ရှိထင်ရှားမရှိတော့ပေမဲ့ ကျန်တဲ့ (၆) ယောက်က အသက်ရှင်နေပြီး ဆယ်ရီနာရဲ့မင်္ဂလာပွဲကို အားလုံးတက်ရောက်ခဲ့ကြပါတယ်။

အဘွားဖြစ်သူ အဒဲလ်က ဆယ်ရီနာ မမွေးခင် ဆုံးပါးသွားခဲ့တာပါ။ ဒီမင်္ဂလာဝတ်စုံကို အခုလိုဝတ်ဆင်လိုက်ရတာက မင်္ဂလာပွဲမှာ အဘွားအဒဲလ်ရှိနေသလို ခံစားရစေတယ်လို့ ဆယ်ရီနာက ဆိုပါတယ်။ ဒီဝတ်စုံကို ဝတ်ဆင်ဖို့ သူတို့ကို ဘယ်တုန်းကမှ မတိုက်တွန်းခဲ့ဘူးလို့လည်း ဆိုပါတယ်။

မင်္ဂလာဝတ်စုံက နှစ်တော်တော်ကြာနေပြီဖြစ်တဲ့အတွက် ပြုပြင်မှုတချို့တော့လုပ်ခဲ့ရပေမဲ့ အသစ်အတိုင်းပါပဲ။ တစ်နေ့ကျရင် သူ့သမီးဖြစ်သူကိုလည်း ဝတ်စေချင်ပြီး အဲဒီအချိန်ထိ အကောင်းတိုင်းရှိနေဖို့ ဆယ်ရီနာ မျှော်လင့်နေပါတယ်။

Ref: People “8 Brides from One Family Wore the Same $100 ‘Lucky’ Wedding Dress: See It Then and Now”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top