(၁၂) ရက်ကြာ ကိုမာဖြစ်နေတာကနေ ပြန်နိုးထလာနိုင်ခဲ့တဲ့ (၈) နှစ်သမီးလေး

4-11-2020-yyl-008.jpg

စင်ကာပူနိုင်ငံက အသက် (၈) နှစ်အရွယ် လက်ဗလင် တန် (Lovelynn Tan) ဆိုတဲ့ ကလေးမလေးဟာ အောက်တိုဘာ ၂၃ ရက်နေ့က ယာဉ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။ အဲဒီမတော်တဆဖြစ်စဉ်ကြောင့် ဦးနှောက်ထိသွားခဲ့ပြီး ကိုမာအနေအထားဖြစ်သွားခဲ့ပါတယ်။ အခုတော့ (၁၂) ရက်ကြာ ကိုမာဖြစ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြန်နိုးလာခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ်မှာ သူ့ဖခင် တင်ခဲ့တဲ ပို့စ်အရ သိရပါတယ်။

လက်ဗလင် တန်က သူ့ဦးလေး မောင်းနှင်တဲ့ ကားကို စီးပြီး ယာဉ်တိုက်မှုဖြစ်ကာ ကားထဲက ထွက်ကျပြီးတဲ့နောက် ကိုမာဖြစ်သွားခဲ့တဲ့အတွက် အထူးကြပ်မတ်ခန်းမှာ ထားရှိခဲ့ရပါတယ်။ ဦးလေးရဲ့ အသက် (၂၃) နှစ်အရွယ်သားတစ်ယောက်နဲ့ (၂၇) နှစ်အရွယ် သမီးတစ်ယောက်တို့လည်း အဲဒီမတော်တဆမှုမှာပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ လက်ဗလင်ကတော့ မတော်တဆမှုကြောင့် ခြေထောက် (၂) ဖက်လုံးကျိုးသွားခဲ့တဲ့အပြင် ဦးနှောက်ကိုလည်း ထိခိုက်မိတဲ့အတွက် အရေးပေါ်ခွဲစိပ်ကုသမှုခံယူခဲ့ရပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ကလည်း လက်ဗလင်ရဲ့အဖေ အဲရစ် တန် (Eric Tan) က ကိုမာဖြစ်နေတဲ့ သူ့သမီးရဲ့နည်းနည်းတုံ့ပြန်လာတဲ့အခြေအနေကို ဖေ့စ်ဘွတ်ကနေ ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကိုမာဖြစ်နေတာကနေ ပြန်နိုးထလာခြင်းမရှိပါဘူး။ လုံးဝကို အန္တရာယ်ကင်းသွားတဲ့အခြေအနေလည်းမဟုတ်ခဲ့ပါဘူး။ လက်ဗလင် အထူးကြပ်မတ်ခန်းမှာ ရှိနေခဲ့ကတည်းက ဦးနှောက်ကို (၃) ကြိမ်စမ်းသပ်စစ်ဆေးမှုခံယူခဲ့ပြီး နောက် (၂) ရက်မှာလည်း နောက်ထပ်စစ်ဆေးစမ်းသပ်မှုတွေ ခံယူရနိုင်တယ်လို့ အဲရစ်က စင်ကာပူမီဒီယာကို ပြောပါတယ်။ ကျိုးသွားတဲ့ခြေထောက် (၂) ဖက်ကလည်း ပျောက်ကင်းနေပြီး ရောဂါပိုးဝင်တဲ့လက္ခဏာလည်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က အဲရစ်ရဲ့ဖေ့စ်ဘွတ်ပို့စ်မှာတော့ လက်ဗလင်လေးရဲ့အခြေအနေက တိုးတက်နေတယ်လို့ ဆိုပါတယ်။ ဦးနှောက်မှာ ရောင်ရမ်းမှုက လျော့နည်းသွားပြီး သွေးခဲတာလည်း ပျောက်လုနီးပါးဖြစ်နေပါပြီ။ နိုဝင်ဘာ ၃ ရက်နေ့မှာတော့ လက်ဗလင်လေး ကိုမာဖြစ်နေတာကနေ နိုးထလာခဲ့ပြီးလို့ အဲရစ်က ဆိုပါတယ်။ ဒီကနေ့မှာလည်း လက်ဗလင်ကို ချစ်ကြတဲ့၊ ဂရုစိုက်ပြီး ဆုတောင်းပေးကြတဲ့သူတွေကို ကျေးဇူးတင်ထားပါတယ်။ လက်ဗလင်ရဲ့ညာဘက်မျက်လုံးနဲ့ခန္ဓာကိုယ်ကတော့ ဦးနှောက်မှာ သွေးခဲနေတာကြောင့် လှုပ်ရှားလို့မရသေးဘူးလို့ ပြောပါတယ်။ နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်ဦးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ဗလင်ရဲ့အခြေအနေကို သိရတဲ့ အွန်လိုင်းက လူတွေကလည်း ငွေကြေးအကူအညီပေးကြပါတယ်။ ဆေးဖိုးအတွက် စင်ကာပူဒေါ်လာ (၁၂၀၀၀) ဝန်းကျင်ကို အောက်တိုဘာ ၂၈ ရက်နေ့က ရရှိခဲ့ပါတယ်။ လက်ဗလင်အတွက် ရန်ပုံငွေရှာတဲ့ကမ်ပိန်းကို ကလေးမလေးမိဘတွေရဲ့သူငယ်ချင်း အန်ဒီ အန်ဂျ်က ဦးဆောင်ခဲ့တာပါ။ အောက်တိုဘာ ၃၀ ရက်နေ့က လက်ဗလင်တို့မိသားစုကို လှူဒါန်းကို စင်ကာပူဒေါ်လာ ၄၀၀၀၀ နီးပါးကို လက်ထဲအပ်နှံပေးခဲ့ပါတယ်။

Ref: Motheship “8-year-old girl in Woodlands collision wakes up after 12-day coma”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top