ကူညီဖေးမစိတ်ရင့်သန်သူ ရှစ်နှစ်သားလေး မော်ရစ်

ရှစ်နှစ်သားကလေးလေးတစ်ယောက်ရဲ့ လတ်တလော အဖြစ်အပျက်ကတော့ ကြည့်ရှူသူပေါင်းများစွာရဲ့ ချီးကျူးမှုကိုရနေပါတယ်။ ကလေးငယ်ဖြစ်ပေမယ့် လူလူချင်း စာနာမှုထားကူညီတတ်တဲ့ စိတ်ကြောင့် အတော်လေး လေးစားစရာဖြစ်ခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။

လူငယ်နဲ့ လူကြီးကြား နွေးထွေးခဲ့တဲ့ အဖြစ်လေးပါပဲ။

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က ရှစ်နှစ်သားလေး မော်ရစ် (Maurice) ဟာ အမေဖြစ်သူ၊ အစ်မဖြစ်သူတို့နဲ့ အတူ ကျောင်း ဘွဲ့နှင်းသဘင်တက်ပြီး အပြန် အိမ်အပြန်လမ်းမှာ ကားပေါ် ငေးရင်းငိုင်ရင်း လိုက်ပါလာခဲ့ပါတယ်။ လူတွေ ရှုပ်ထွေးတဲ့ လမ်းတစ်နေရာရောက်တော့ အဖွားအိုတစ်ယောက်က လူကြားထဲ လမ်းကို ခက်ခက်ခဲခဲကူးရင်း လမ်းတစ်ဖက်မှာရှိတဲ့ လှေကားကို လက်ထဲက လက်ကိုင်တုတ်နဲ့ ပင်ပင်ပန်းပန်း တက်ဖို့ ဟန်ပြင်နေပါပြီ။

ဒါကိုမြင်သွားတဲ့ မော်ရစ်လေးက ကူပေးမယ့်သူ မရှိနေရှာတဲ့ အဖွားအိုအတွက် အတော်လေး စိတ်မကောင်းဖြစ်သွားပြီး အမေဆီ ခွင့်တောင်းရင်း အဖွားအိုကို ကူညီပေးဖို့ ကားပေါ်က ချက်ချင်းဆင်းပြေးသွားခဲ့ပါတယ်။ အဖွားအိုဆီရောက်တော့ လှေကားကို မပင်မပန်းပဲ တက်လို့ရအောင် ဖေးမပေးခဲ့ရှာပါတယ်။ လှေကားထိပ်ကို ရောက်ချိန်မှာ အဖွားအိုဟာ မော်ရစ်လေးကို သိုင်းဖက်လိုက်ပြီး “သိပ်ထူးခြားတဲ့ကလေးလေး” လို့ ချစ်စနိုးနဲ့ ပြောခဲ့ပါသေးတယ်။

မော်ရစ်လေးမသိလိုက်တာက ဒီဖြစ်ရပ်ကို နောက်ကွယ် အနီးအနားတစ်နေရာကနေ ဒွန်ကန် (Duncan) ဆိုသူက ဗီဒီယို မှတ်တမ်းတင်ခဲ့တာပါ။ ကလေးလေးရဲ့ အကြင်နာတရား ကို သူ့ရင်ထဲအတော်လေး အသိအမှတ်ပြုမိပြီး ဒီဗီဒီယိုဖိုင်ကို WSB-TV သတင်းဌာနကို ပေးပို့ပေးခဲ့ပါတယ်။ သတင်းဌာနကနေတစ်ဆင့် ကြည့်ရှူသူပရိသတ်တွေအကြား အတော်ရေပန်းစားသွားပြီး ရှစ်နှစ်သားနဲ့ ကူညီဖေးမစိတ်ရင့်သန်တဲ့ မော်ရစ်လေးကို ချီးမွမ်းသံတွေ မစဲနိုင်အောင် ရခဲ့ပါတယ်။

ကလေးလေးရဲ့အမေကတော့ ” ကျွန်မအတွက်တော့ အရမ်းစိတ်လှုပ်ရှားစရာ၊ စိတ်ကြည်နူးစရာပါပဲ။ သားလေးကို ပြုစုပျိုးထောင်လာရတာ အချည်းနှီး မဖြစ်ရတော့ဘူးပေါ့ရှင်။ ကလေးငယ်တွေကို လေးစားမှုထားပြီး ပြုစုစောင့်ရှောက်ပေးဖို့ လိုပါတယ်။ သူတို့ကိုရေရှည်မှာ စိတ်ထားမွန်မြတ်လာစေဖို့ မိဘတွေကိုယ်တိုင်က လေးစားမှုအရင်ထားပေးရပါမယ်” လို့ ကြည်ကြည်နူးနူး ပြောသွားခဲ့ပါတယ်။

Ref : goodnewsnetwork.org “Boy stops traffic so he can help elderly stranger climb a set of stairs”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top