နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် ကူဝိတ်နိုင်ငံထံ အိမ်အကူလုပ်သား စေလွတ်မှု ပိတ်ပင်ဖို့ရှိနေတဲ့ ဖိလစ်ပိုင်

99663393_duterte.jpg

ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် အိမ်အကူလုပ်သားတွေ ညှင်းပန်း နှိပ်စက်ခံနေရပြီး ပြီးခဲ့တဲ့လတွေအတွင်း သေကြောင်းကြံစည်မှု အများပြားဖြစ်ခဲ့လို့ ကူဝိတ်နိုင်ငံထံ အိမ်အကူလုပ်သား စေလွတ်နေတာကို ပိတ်ပင်ဖို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက စဉ်စားနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင်အမျိုးသမီး အလုပ်သမားတွေ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းမှု ခံရတဲ့ကိစ္စ တော်တော်များများကို သတိထားမိကြောင်း၊ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးပြီး ကူဝိတ်အစိုးရထံ တင်ပြချင်တယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောပါတယ်။ ဖိလစ်ပိုင် အစိုးရအနေနဲ့ ဖိလစ်ပိုင် အလုပ်သမားတွေ နှိပ်စက်ခံရတာတွေနဲ့ ပတ်သက်လို့ နောက်ထပ်ဖြစ်လာမှာကို လက်မခံနိုင်ဘူးလို့ ဒူတာတေးက ပြောပါတယ်။

ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးကတော့ ဖိလစ်ပိုင် အလုပ်သမားတွေ နှိပ်စက်ခံရတာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုတာမရှိခဲ့သလို ဖိလစ်နိုင်ငံရှိ ကူဝိတ်သံရုံးကလည်း ဖိလစ်ပိုင် သမ္မတရဲ့မှတ်ချက်ကို ချက်ခြင်းတုံ့ပြန်တာမျိုး မရှိခဲ့ပါဘူး၊ ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် နိုင်ငံအလုပ်သမား ၂၅၀၀၀ ကျော် အလုပ်လုပ်ကိုင်နေပြီး အများစုက အိမ်အကူအလုပ်သမားအဖြစ် လုပ်နေတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။

ဖိလစ်ပိုင် အလုပ်သမားတွေဟာ ကူဝိတ်နိုင်ငံအပြင် ကာတာ၊ ယူအေအီး၊ ဆော်ဒီနိုင်ငံတွေမှာလည်း အများအပြားလုပ်ကိုင်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံသား ၈ သန်းကျော်ဟာ ပြည်ပနိုင်ငံတွေမှာနေထိုင်နေပြီး အဲဒီအထဲမှ ၂ ဒသမ ၃ သန်းက တရားဝင်အထောက်အထားနဲ့ ပြည်ပနိုင်ငံတွေမှာအလုပ် လုပ်နေတာဖြစ်ပါတယ်။ ပြည်ပမှာရှိနေတဲ့ ဖိလစ်ပိုင်အလုပ်သမားတွေဟာ လစဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ဖိလစ်ပိုင်နိုင်ငံဆီ ပြန်လွှဲပေးမှုတွေလုပ်ခဲ့ပါတယ်။

ဖိလစ်ပိုင် သမ္မတဒူတာတေးက ကူဝိတ်နိုင်ငံခေါင်းဆောင်တွေကို လေးစားမှုရှိပြီး ရန်မဖြစ်လိုဘူးလို့လည်း ပြောပါတယ်။ သမ္မတ ဒူတာတေးက ကူဝိတ်နိုင်ငံအနေနဲ့ အမျိုးသမီးတွေ သေကြောင်းကြံစည်နေတဲ့အတွက် တစ်စုံတရာ လုပ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

Ref: Reuters: Philippines halts sending workers to Kuwait over deaths, abuse

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top