ပျိုမေတို့ ဒေါက်မြင့်ဖိနပ်စီးတော့မယ်ဆိုရင်

39442054_565858490496006_6816726660600037376_n.jpg

ဒေါက်မြင့်ဖိနပ်ဆိုတာ ပျိုမေလေးတွေရဲ့ အနှစ်သက်ဆုံး အသုံးအဆောင်ပစ္စည်းများထဲက တစ်ခုပဲဖြစ်ပါတယ်။ မိန်းကလေး ၁၀ယောက်မှာ ၇ယောက်လောက်က ဒေါက်မြင့်ဖိနပ် စီးရတာကို နှစ်ခြိုက် သဘောကျကြပါတယ်။ မိန်းကလေး အများစုကို လေ့လာ စမ်းစစ်ချက်တွေအရ ဒေါက်မြင့်ဖိနပ် စီးလိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေတယ်လို့ ဆိုထားကြပါတယ်။

ဒေါက်မြင့်ဖိနပ်က အမျိုးသမီးလေးတွေအတွက် အသည်းစွဲဖြစ်ပေမဲ့လည်း စီးလေ့စီးထမရှိဘဲ အချိန်ကြာကြာစီးလိုက်မိရင် မလိုလားအပ်တဲ့ နာကျင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတစ်ခါမှာတော့ ရိုးရာလေး စာဖတ်ပရိသတ် ပျိုမဒီလေးတွေကို ဒေါက်မြင့်ဖိနပ် စီးတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

မိန်းကလေးအများစုဟာ ဒေါက်မြင့်ဖိနပ် တစ်ရံ ဝယ်တော့မယ်ဆိုရင် ဒီဇိုင်း၊ အရောင်အသွေးနဲ့ အမှတ်တံဆိပ်ကိုသာ အဓိကထားပြီး ရွေးချယ်တတ်ကြပါတယ်။ တကယ်အရေးကြီးတဲ့ အချက်ကို ရွေးချယ်ဖို့တော့ မေ့နေတတ်ကြပါတယ်။ အဲ့ဒါကတော့ မိမိခြေထောက်နဲ့ အံဝင်ခွင်ကျ ရှိမရှိ၊ ခြေထောက် အောက်ခံဖော့ပြားက နူးညံမှု ရှိမရှိကို သတိထားပြီး ရွေးချယ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အရောင်အသွေးလှပြီး အောက်ခံဖော့က မာကျောတဲ့ ဒေါက်မြင့်ဖိနပ် တစ်ရံ ဝယ်မိတယ်ဆိုရင်တော့ ခြေထောက်ကို နာကျင်စေမှာပါ။

ဒေါက်မြင့်ဖိနပ်အသစ်တွေကို ပွဲအခမ်းအနားတွေ မတက်ရောက်ခင် အရင်ဦးဆုံး မိမိအိမ်မှာ စမ်းဝတ်ပြီး လမ်းလျှောက်ကြည့်သင့်ပါတယ်။ ဒီလို အစမ်းဝတ်ဆင်မယ်ဆိုရင် ဖိနပ်အသား မကျခြင်း၊ ခြေထောက်ပေါက်ခြင်းတွေက ကင်းဝေးပြီး တကယ့်အခမ်းအနားမှာ နာကျင်မှုမရှိဘဲ ခြေလှမ်းတိုင်းကို ယုံကြည်ချက်ရှိရှိနဲ့ လျှောက်လှမ်းနိင်မှာပါ။

ဒေါက်မြင့်ဖိနပ်မစီးမီမှာ ခြေထောက်ကို ရေဓာတ်ဖြည့်ဆည်းပေးနိင်တဲ့ လိုးရှင်း (lotion) ဒါမှမဟုတ် ဂျိုင်းလိမ်းဆီ (roll-on) တစ်မျိုးမျိုးကို အသုံးပြုပေးမယ်ဆိုရင် ပွတ်တိုက်မှုကြောင့် ခြေထောက် နာကျင်ခြင်းများကို ကာကွယ်ပေးနိင်ပါတယ်။ ကလေးငယ်တွေ အသုံးပြုတဲ့ ကိုယ်လိမ်းပေါင်ဒါကို ဖိနပ်မစီးမီ အတွင်းကို ဖြူးပေးမယ်ဆိုရင် ချွေးနံ နံခြင်းကနေ ကာကွယ်ပေးနိင်ပါတယ်။

ဒေါက်မြင့်ဖိနပ်တွေ မစီးတာကြာလို့ နည်းနည်းကျပ်နေတယ်ဆိုရင် ရေခဲသေတ္တာထဲကို မိနစ် ၃၀ လောက် ခဏထည့်ထားပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် နည်းနည်းပြန်ကျယ်လာပြီး စီးတဲ့အခါ ချောချောမောမောနဲ့ စီးနိင်မှာဖြစ်ပါတယ်။

ဒေါက်မြင့်ဖိနပ်တွေရဲ့ ခြေထောက် အောက်ခံ ဖော့ပြားက သက်သောင့်သက်သာ ပျော့ပျောင်းမှု မရှိဘဲ မာနေမယ်ဆိုရင် သင့်ရဲ့ ခြေဖနောင့်ကို နာကျင်စေနိုင်ပါတယ်။ စီးတာကြာလို့ ဒေါက်မြင့်ဖိနပ်ရဲ့ ခြေထောက် အာက်ခံ ဖော့ပြားက မပျော့ပျောင်းတော့ဘဲ မာလာတယ်ဆိုရင်တော့ ခြေဖနှောင့် အောက်ခြေမှာ Double တိပ်ကို ကပ်ပြီး စီးနိင်ပါတယ်။

တကယ်လို့ ဒေါက်မြင့်ဖိနပ်စီးနေရင်း ခြေထောက်အရမ်းနာလာရင် လမ်းလျှောက်နေတာကနေ ခဏထိုင်နားလိုက်ပါ။ ဒါပေမဲ့ စီးထားတဲ့ ဖိနပ်ကို မချွတ်လိုက်ပါနဲ့။ တကယ်လို့ ချွတ်လိုက်မယ်ဆိုရင် ခဏတာ သက်သာသွားနိင်ပေမဲ့ သင့်ရဲ့ ခြေထောက်တွေ ရောင်ရမ်းလာမှာဖြစ်ပြီး နဂိုနာကျင်မှုထက် ပိုပြီးနာကျင်ရပါလိမ့်မယ်။

မတော်တဆ ဒေါက်မြင့်ဖိနပ်စီးရင်း ခြေထောက်နာကျင်လာတယ်၊ ဖိနပ်ရဲ့ အတွင်းသားနဲ့ ခြေချောင်းလေးများ ပွတ်တိုက်မှုတွေဖြစ်ပြီး ခြေချောင်းကလေးတွေ ပွန်းလာတဲ့အခါ နာကျင်လာပြီး သွားလာရ ခက်ခဲလာတတ်ကြပါတယ်။ ဒီလို ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာလေးတွေကို အလွယ်တကူ ဖြေရှင်းဖို့အတွက်ကတော့ ပိုက်ဆံအိတ်ထဲမှာ အနာကပ် ပလတ်စတာလေးကို ဒေါက်မြင့်ဖိနပ်စီးတဲ့အခါတိုင်း မမေ့မလျော့ ဆောင်ထားသင့်ပါတယ်။

Ref: “14 pieces of advice to survive a whole day wearing high heels”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top