အလျင်လိုအနှေးဖြစ်

tr.jpg

ပူပြင်းလှတဲ့ နွေရာသီတစ်ခုမှာတော့ ကုန်သည်တစ်ယောက်ဟာ သူရဲ့ကုန်စည်တွေဖြစ်တဲ့ အုန်းသီးတွေကို ပါလာတဲ့မြင်းပေါ်တင်ပြီးတော့ခရီးဆက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တရွေ့ရွေ့ခရီးထွက်လာရင်း ခရီးတစ်ထောက်အနားမှာတော့ သစ်ပင်တစ်ပင်အောက်မှာထိုင်နေတဲ့ အဘိုးအိုကြီးတစ်ဦးကိုတွေ့လိုက်ရပါတယ်။ အဲ့ဒီအခါ ကုန်သည်ကြီးက အဖိုးအိုကြီးကို သူသွားလိုတဲ့အရပ်ဒေသရောက်ရှိဖို့အတွက် ဘယ်လောက်သွားဖို့လိုသေးလဲ မေးလိုက်ပါတယ်။

အဲ့ဒီအခါ အဖိုးအိုကြီးက အခုလိုပဲဖြေလိုက်ပါတယ်။ “ကုန်သည်ကြီးရေ နေကလည်း အတော်လေးပူတယ်နော်။ အဲ့ဒါကြောင့် သင် ဖြည်းဖြည်းနဲ့ပုံမှန်ပဲ ဆက်သွားပါ။ မကြာမီ သင်သွားလိုတဲ့အရပ်ဒေသကို ရောက်မှာပါ။ ဒါပေမဲ့ ရောက်ချင်ဇောနဲ့ မြန်မြန်သွားမယ်ဆိုရင်တော့ တစ်နေကုန်တာတောင် ရောက်ဖို့မလွယ်ဘူး”လို့ မှာကြားလိုက်ပါတယ်။

ကုန်သည်ကြီးဟာ အဖိုးအိုကြီးရဲ့စကားကို အဓိပ္ပာယ်မရှိဘူးလို့ယူဆပြီး နဂိုသွားနေတဲ့နှုန်းထက် ခပ်သွက်သွက်ခရီးဆက်ခဲ့ပါတယ်။ မကြာမီမှာပဲ မြင်းဟာ တင်ထားတဲ့ အုန်းသီးတွေရဲ့အလေးချိန်ကို မခံနိင်တော့ဘဲမောပန်းလာကာ ချော်လဲကျပြီး ကျောပေါ်မှာတင်ထားတဲ့ အုန်းသီးတွေအားလုံးဟာ မြေပြင်ပေါ်ကိုပြုတ်ကျကုန်ပါတယ်။ အဲ့ဒီအခါ ကုန်သည်ကြီးလည်း ကပျာကယာနဲ့ မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့ အုန်းသီးတွေကို တစ်လုံးချင်းစီပြန်လည်ကောက်ယူပြီး ခရီးဆက်ရပြန်တယ်။

အုန်းသီးတွေပြန်ကောက်ယူလိုက်ရတဲ့အတွက် အချိန်ကြန့်ကြာသွားတာကြောင့် ကုန်သည်ကြီးဟာ ခပ်သွက်သွက်လေး ခရီးဆက်ခဲ့ပြန်ပါတယ်။ မကြာမီမှာပဲ ပထမတစ်ခေါက်အဖြစ်အပျက်အတိုင်း မြင်းကိုယ်ပေါ်မှာတင်ထားတဲ့ အုန်းသီးတွေဟာ ထပ်ပြီးပြုတ်ကျပြန်တယ်။ ကုန်သည်ကြီးလည်း ပြုတ်ကျတဲ့အုန်းသီးတွေကို ပြန်လည်ကောက်ယူထည့်ပြီး ခရီးဆက်ခဲ့ရာ မှောင်စပျိုးချိန်ရောက်မှသာ သူသွားလိုတဲ့ နေရာကိုရောက်ရှိခဲ့ပါတော့တယ်။

ကဲ…ဒီအကြောင်းအရာလေးကနေပေးချင်တဲ့အသိလေးတစ်ခုကတော့ အလုပ်လုပ်တဲ့အခါ ပြီးချင်ဇောနဲ့ လုပ်ဆောင်ပါက လိုအပ်တာထက်ပိုပြီး ကြန့်ကြာတတ်ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နိင်တဲ့အကြောင်းကို သတိပြုစေလိုပါတယ်။ အလားတူပင် လုပ်ငန်းခွင်များမှာလည်း အထက်အရာရှိများဟာ အလုပ်ပြီးမြောက်ရေးတစ်ခုထဲကိုသာ အလေးထားပြီး ဝန်ထမ်းတွေကို အတင်းဖိအားပေးခိုင်းစေမယ်ဆိုရင် “အလျင်လိုအနှေးဖြစ်” ဆိုတဲ့အတိုင်း မလိုလားအပ်တဲ့ အမှားတွေဖြစ်ပေါ်လာနိင်ပြီး သတ်မှတ်ပြီးစီးချိန်ထက် ပိုမိုကြာမြင့်သွားနိင်ပါတယ်။ အဲ့ဒါကြောင့် ဘာလုပ်ငန်းပဲလုပ်လုပ် ကိုယ့်မှာရှိတဲ့ သက်ရှိသက်မဲ့အရာဝတ္တုတွေရဲ့ အရည်အချင်း၊ တတ်နိုင်တဲ့စွမ်းအားပမာဏတို့ကို နားလည်သဘောပေါက်ပြီး သင့်တင့်မျှတစွာ သုံးသင့်၊ ခိုင်းသင့်ပါတယ်။

Ref: “How long it would take”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top