တွင်းနက်လို့ ဆိုလိုက်တာနဲ့ သူတို့ဟာ အလင်းတောင် ပြန်လည်ရုန်းမထွက်နိုင်လောက်အောင် ဆွဲငင်အားကြီးမား သိပ်သည်းတဲ့နေရာများအဖြစ် အားလုံးသိကြပါတယ်။ ဒါပေမယ့် ၂၀၀၉ ခုနှစ်က သိပ္ပံပညာရှင်များဟာ အခြား တွင်းနက်တစ်မျိုးကို စမ်းသပ်ခန်းတစ်ခုအတွင်း ဖန်တီးခဲ့ကြပါတယ်။ ဒီတွင်းနက်ဟာ အသံရုန်းမထွက်နိုင်တဲ့ တွင်းနက်ပါပဲ။
အခုလို အသံစုပ်ယူတဲ့ sonic black holes များဟာ အလင်းစုပ်ယူတဲ့ light-absorbing တွင်းနက်များအတွက် အလွန်ကောင်းမွန်တဲ့ ဥပမာ သာဓကများဖြစ်ပါတယ်။ အခုဆိုရင် သိပ္ပံပညာရှင်များဟာ ဒီလိုတွင်းနက်တစ်ခုရဲ့ အပူချိန်ကို တိုင်းတာနိုင်ခဲ့ပြီး ဒီလေ့လာမှုဟာ လွန်ခဲ့တဲ့ (၄၅) နှစ်က စတီဖန်ဟော့ကင်းရဲ့ ခန့်မှန်းချက်တစ်ခုကို အတည်ပြုနိုင်ပြီလို့ ဆိုနိုင်ပါတယ်။
ဟော့ကင်းဖြာထွက်မှု (Hawking Radiation)
၁၉၇၄ ခုနှစ်မှာ စတီဖန်ဟော့ကင်းက တွင်းနက်များဟာ သူတို့ရဲ့ နယ်စပ် (horizon) များကနေ သေးငယ်တဲ့ အမှုန်တန်းများကို ထုတ်လွှတ်နေတယ်လို့ တင်ပြခဲ့ပါတယ်။ ဒီအမှုန်များကို စတင်တင်ပြတဲ့ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဟော့ကင်းဖြာထွက်မှု (Hawking Radiation) ဆိုပြီး အစွဲပြုခေါ်ဝေါ်ကြပါတယ်။ ဒီဖြာထွက်မှုရဲ့ အပူချိန်ကို တွင်းနက်ရဲ့ ဒြပ်ထု (mass) က အဆုံးအဖြတ်ပေးတယ်လို့ ဟော့ကင်းက ဆိုခဲ့ပါတယ်။ ဒီဖြာထွက်မှုများဟာ black-body radiation နဲ့ သဘောတရားတူညီပြီး သူတို့ရဲ့ အပူချိန်ဟာ တွင်းနက်ရဲ့ဒြပ်ထုနဲ့ ပြောင်းပြန်အချိုးကျပါတယ်။
တွင်းနက်များရဲ့ အပူချိန်ဟာတိုင်းတာဖို့တော့ မလွယ်ကူပါဘူး။ ကျွန်တော်တို့ နေမင်းလောက် ဒြပ်ထုပိုင်ဆိုင်မယ့် တွင်းနက်တစ်လုံးရဲ့ အပူချိန်ဟာ 60 nanokelvins ခန့်သာ ရှိပါလိမ့်မယ်။
Technion-Israel Institute of Technology မှ သုတေသီများက သူတို့ဟာ ဒီလို sonic black hole တစ်ခုကို စမ်းသပ်ခန်းအတွင်းပြုလုပ်ခဲ့ပြီးတော့ သူ့ရဲ့ အပူချိန်ကို တိုင်းတာနိုင်ခဲ့ပြီလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထွက်ရှိတဲ့ Nature ဂျာနယ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတစ်ခါတွင်းနက်ကို အလွန်အေးတဲ့ absolute zero temperature အထက် ဘီလီယံပုံ (၁) ပုံခန့်သာ အပူချိန်ရှိမယ့် ultracold rubidium atoms အစုအဝေးနဲ့ ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ လေဆာပေါင်းများစွာနဲ့ ဒီအက်တမ်အစုအဝေးတွင်းနက်ကိုအသုံးပြုပြီး ဒီကထွက်လာမယ့် Hawking Radiation ရဲ့ အပူချိန်ကို တိုင်းတာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီကတိုင်းတာမှုဟာ ဟော့ကင်းရဲ့ စာတမ်းမှာ ဖော်ပြထားတဲ့တွက်ချက်မှုများအတိုင်းရခဲ့တဲ့ အပူချိန်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ ကျွန်တော်တို့ စကြဝဠာအတွင်းမှာ လက်တွေ့ထောက်လှမ်းမိနေတဲ့ အလင်းစုတ်တွင်းနက်များ (light-absorbing black holes) များမှာပါ မှန်ကန်နိုင်မလားဆိုတာတော့ မသေချာသေးဘူးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကိုကြည့်ခြင်းအားဖြင့် စတီဖန်ဟော့ကင်းရဲ့ အံ့ဖွယ်ခန့်မှန်းချက်တစ်ခုဟာ စမ်းသပ်ခန်းရဲ့ စစ်ဆေးမှုကို အောင်မြင်သွားပြီဖြစ်ပါတယ်။ အနာဂတ်မှာလည်း လက်တွေ့တွင်းနက်များရဲ့ အပူချိန်ကို အမှန်တကယ်တိုင်းတာနိုင်တဲ့တစ်နေ့ရောက်လာပါလိမ့်မယ်။
ဒါကြောင့် အိုင်းစတိုင်းရဲ့ ခန့်မှန်းချက်များကို ရာစုနှစ်တစ်ခုအကြာမှ မှန်ကန်ကြောင်းထောက်ခံနိုင်ခဲ့သလိုမျိုး ဟော့ကင်းရဲ့ ခန့်မှန်းမှုများကိုလည်း သူသေပြီး နှစ်ပေါင်းများစွာကြာမှ သက်သေပြနိုင်မလားဆိုတာကတော့ စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို Curiosity မှာ ဖော်ပြထားတာဖြစ်ပါတယ်။
Ref: Curiosity
Team (ရိုးရာလေး)