ဖိုးသော်အကြိုက်ဆုံး ONE Championship ကစားသမား (၅) ဦး

My-Post-1.jpg

ONE Championship ၏ မြန်မာကစားသမားများထဲတွင် အောင်လအန်ဆန်ပြီးလျှင် ဒုတိယပွဲအများဆုံးကစားထားသူ “ဘူရှီဒို” ဖိုးသော်သည် ဖယ်သာဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲ အများဆုံးရရှိထားသည့်ကစားသမားလည်းဖြစ်သည်။ ဖိုးသော်သည် ONE Championship တွင် ၂ဝ၁၅ ဇူလိုင်လကတည်းက စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သဖြင် ယခုဆိုလျှင် (၄) နှစ် ကျော်သက်တမ်းရှိပြီဖြစ်ပြီး ပွဲပေါင်း (၉) ပွဲ ပါဝင်ကစားခဲ့ပြီးဖြစ်သည်။ ၎င်းဖြတ်သန်းခဲ့သည့်ကာလအတွင်း မြင်တွေ့ခဲ့ရသည့် ONE Championship နိုင်ငံတကာကစားသမားများထဲမှ သူအကြိုက်ဆုံးကစားသမား (၅) ဦးကို အောက်ပါအတိုင်းရွေးချယ်ပေးခဲ့သည်။

(၁) Yoshitaka Naito

ဖိုးသော်အကြိုက်ဆုံးကစားသမား (၅) ဦး အနက် ပထမဆုံးရွေးချယ်ခြင်းခံရသည့်ကစားသမားမှာ ဂျပန်ကစားသမား Yoshitaka “Nobita” Naito ဖြစ်သည်။ Naito သည် ONE Championship ၏ စတောဝိတ်တန်းချန်ပီယံဟောင်းဖြစ်ပြီး ဂျပန်၏ အကောင်းဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမားများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ နာမည်ကျော် ဂျပန်ကာတွန်း Doraemon မှ အဓိကဇာတ်ကောင် Nobita နှင့် ရုပ်ချင်းခပ်ဆင်ဆင်တူသည့် Naito သည် ငယ်စဉ်က ကာတွန်းစာအုပ်များကို အရူးအမူးစွဲလန်းခဲ့သူဖြစ်သည်။ သို့သော် ကိုယ်ခံပညာအားကစားကိုသင်ယူခဲ့ပြီးသည့်နောက်ပိုင်း ၎င်း၏ ဦးတည်ချက်များပြောင်းလဲခဲ့ကာ ယင်းအားကစားကို တစိုက်မတ်မတ်ကစားလာခဲ့သည်။

Shooto နှင့် ONE Championship ချန်ပီယံဟောင်း Naito ငယ်စဉ်က ပင်ပန်းဆင်းရဲသည့်ဘဝကိုဖြတ်သန်းခဲ့ရပြီး အလုပ်တစ်ဘက်နှင့် ကိုယ်ခံပညာကိုသင်ယူခဲ့ရသည်။ ထို့ကြောင့် ဖိုးသော်က “ Naito ကိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူကကစားအားကောင်းတယ်။ နောက်ပြီး အလုပ်တစ်ဘက်နဲ့ ဒီအားကစားကိုကစားရင်း ချန်ပီယံတစ်ယောက်ဖြစ်လာတာ ဆိုတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုကိုကြိုက်တယ်ပေါ့နော်”ဟု ဖိုးသော်က ၎င်းနှစ်သက်ရသည့်အကြောင်းရင်းကိုပြောပြသည်။

(၂) အောင်လအန်ဆန်

ဖိုးသော် နောက်ထပ်ရွေးချယ်သည့်ကစားသမားသည် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံးကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား “မြန်မာစပါးအုံး” အောင်လအန်ဆန် ဖြစ်သည်။ အောင်လ သည် ONE Championship တွင် ပွဲပေါင်း (၁၁) ပွဲကစားခဲ့ရာတွင် (၁ဝ) ပွဲနိုင်ပြီး တစ်ပွဲသာရှုံးနိမ့်ထားသည်။ ထို့ပြင် ၎င်း၏ဝိတ်တန်းဖြစ်သော မစ်ဒယ်ဝိတ်တန်းတွင် ဗိုလ်စွဲသည့်အပြင် တန်းတက်ကာ လိုက်ဟဲဗီးဝိတ်တန်းတွင်ပါ ကမ္ဘာ့ချန်ပီယံဖြစ်အောင် ယှဉ်ပြိုင်ကစားနိုင်ခဲ့သည်။

လာမည့် အောက်တိုဘာလအတွင်း ONE Championship ၏ အမြင့်ဆုံးဝိတ်တန်းဖြစ်သော ဟဲဗီးဝိတ်တန်းမှကစားသမား Brandon Vera ကိုပင် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသူ ဖြစ်သောကြောင့် မြန်မာကစားသမားများ၏ အားကျအတုယူဖွယ်ကစားသမားဖြစ်နေသည်။

အားကစားသမားတစ်ယောက်အနေဖြင့်သာမက သူရဲကောင်းတစ်ဦးအဖြစ်ပါယူဆခြင်းခံထားရသည့် အောင်လအန်ဆန်ကို မွေးရပ်မြေတွင် ကြေးရုပ်သွန်းလုပ်၍ ဂုဏ်ပြုထားသည် ကိုလည်းတွေ့ရသည်။ ယင်းသို့ တစ်ခေတ်တွင်တစ်ယောက် ထူးခြားသည့် ကစားသမားတစ်ဦးဖြစ်သူအောင်လအန်ဆန်ကို ကြိုက်နှစ်သက်ကြောင်း ဖိုးသော်ကဆိုခဲ့သည်။

“ကိုအောင်လအန်ဆန်ကတာ့ အကြိုက်ဆုံးပေါ့။ သူကတော့ မြန်မာနိုင်ငံကနေ ဝိတ်တန်းနှစ်ခုမှာချန်ပီယံဖြစ်အောင်လုပ်နိုင်ခဲ့လို့ ကြိုက်တာပါ” ဟုလည်း ဖိုးသော်ကပြောပြခဲ့သည်။

(၃) Adriano Moraes

 

နောက်ထပ် ဖိုးသော်ရွေးချယ်သည့်ကစားသမားတစ်ဦးမှာ ONE Championship ၏ လက်ရှိ ဖလိုင်းဝိတ်တန်းချန်ပီယံ Adriano “Minkinho” Moraes ဖြစ်ပြီး ယင်းချန်ပီယံခါးပတ်ကို သုံးကြိမ်တိုင်တိုင်သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်သည်။ ၂ဝ၁၄ စက်တင်ဘာလကတစ်ကြိမ်၊ ၂ဝ၁၇ သြဂုတ်လကတစ်ကြိမ်၊ ယခုနောက်ဆုံး ၂ဝ၁၉ ဇန်နဝါရီတွင်တစ်ကြိမ် ဖလိုင်းဝိတ်တန်း ချန်ပီယံ ခါးပတ်ကိုသိမ်းပိုက်ခဲ့သူ Moraes သည် ငယ်စဉ်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်သာ ဘရာဇီးလ်ဂျုဂျစ်ဆုပညာကို လေ့လာသင်ယူခဲ့ခြင်းဖြစ်သည်။

ယင်းပညာရပ်တွင် ခါးပတ်နက်ရရှိခဲ့သည့်အခါ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားလောကထဲဝင်ရောက်ခဲ့ပြီး ပထမဆုံး ယှဉ်ပြိုင်သည့် (၉) ပွဲဆက်တိုက်အနိုင်ရခဲ့သည်။ Moraes ၏ ကစားသမားသက်တမ်းတစ်လျှောက်တွင်လည်း ပွဲပေါင်း (၂၁) ပွဲ ကစားခဲ့ရာတွင် (၁၈) ပွဲနိုင်ပြီး (၃) ပွဲသာရှုံးနိမ့်ထားသည်။

အဆိုပါကစားသမားကိုရွေးချယ်မှုနှင့်ပတ်သက်၍လည်း ဖိုးသော်က “ဖလိုင်းဝိတ်တန်းက ချန်ပီယံဘရာဇီးလ်ကစားသမား Moraes ကိုကြိုက်တယ်။ သူ့ကို ၂ဝ၁၅ မြန်မာနိုင်ငံမှာ ပထမဆုံးလုပ်တဲ့ပွဲမှာ စကြည့်ဖူးတာ။ သူရှုံးမလိုဖြစ်ပြီး ပြန်နိုင်သွားတဲ့ပွဲပေါ့။ သူ့ရဲ့ မြေပြင်ချုပ်ကွက်ကျွမ်းကျင်မှုကို ကြိုက်တာပါ” ဟု ဖိုးသော်ကပြောပြခဲ့သည်။

(၄) Xiong Jing Nan

ဖိုးသော်ရွေးချယ်သည့်ကစားသမားများထဲတွင် တစ်ဦးတည်းသောအမျိုးသမီးကစားသမားမှာ “The Panda” Xiong Jing Nan ဖြစ်ပြီး ONE Championship တွင် ရှုံးပွဲမရှိ ပွဲတိုင်းနိုင်ထားသည့်ကစားသမားဖြစ်သည်။ ၎င်း၏ ကစားသမားဘဝ သက်တမ်းတစ်လျှောက်လုံးတွင်လည်း အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည့်တစ်ပွဲသာ ရှုံးပွဲရှိခဲ့ဖူးသည်။ Xiong သည် ပြီးခဲ့သည့် မတ်လအတွင်းက ၎င်းကိုစိန်ခေါ်လာသည့် အက်တမ်ဝိတ်တန်း ရှုံးပွဲမရှိချန်ပီယံ Angela Lee ကိုအနိုင်ယူခဲ့ပြီးသည့်နောက် ONE Championship ၏ ပြိုင်ဘက်မရှိ အကောင်းဆုံးအမျိုးသမီးကစားသမားဖြစ်လာခဲ့သည်။

၎င်းချန်ပီယံဖြစ်ခဲ့သည့်ကာလအတွင်း ချန်ပီယံခါးပတ်ကိုစိန်ခေါ်သူ (၃) ဦးရှိခဲ့ပြီး ယင်းတို့နှင့် (၃) ပွဲစလုံးကိုအနိုင်ယူကာ ချန်ပီယံဘွဲ့ကိုကာကွယ်နိုင်ခဲ့သည်။ ငယ်စဉ်က အလေးမသမား ဖြစ်ခဲ့သူ Jing Nan သည် တရုတ်လက်ရွေးစင် အနောက်တိုင်း လက်ဝှေ့ကစားသမားလည်းဖြစ်ခဲ့သလို ဘရာဇီးလ်ဂျူဂျစ်ဆုပြိုင်ပွဲတွင်ပါ တရုတ်အိုးပင်းချန်ပီယံဖြစ်ခဲ့သည်။ Jing Nan သည် သူ၏ ကစားသမားဘဝတစ်လျှောက် ကိုယ်ခံပညာသိုင်းပေါင်းစုံပွဲပေါင်း (၁၅) ပွဲ ထိုးသတ်ခဲ့ရာတွင် (၁၄) ပွဲအနိုင်ရခဲ့သည်။

“တရုတ်နိုင်ငံက ချန်ပီယံ Xiong Jing Nan ကြိုက်တယ်။ Angela Lee နဲ့ ထိုးတဲ့ပွဲမှာ ထိုက်ထိုက်တန်တန်အနိုင်ရခဲ့တယ်။ လုံးဝအရှုံးမပေးတဲ့စိတ်ကိုကြိုက်တာ။ အရမ်းဇွဲကောင်းတဲ့ ကစားသမားပေါ့။ ရှုံးခါနီးမှတောင် နောက်ဆုံးအချိန်ထိရုန်းပြီး အနိုင်ရအောင်ကစားသွားတာ”ဟု ဖိုးသော်က ဆိုခဲ့သည်။

(၅) Zebaztian Kadestam

ဖိုးသော် နောက်ဆုံးရွေးချယ်သည့်ကစားသမားမှာ ဆွီဒင်နိုင်ငံသား Zebaztian “The Bandit” Kadestam ဖြစ်သည်။ Kadestam သည် အသက် (၁၂) နှစ်ကတည်းက မွေထိုင်း လက်ဝှေ့ပညာကို လေ့လာသင်ယူခဲ့သူဖြစ်ပြီး ဘရာဇီးလ် ဂျူဂျစ်ဆုတွင်လည်း ခါးပတ်နက်ရထားသလို အနောက်တိုင်းလက်ဝှေ့ပညာကိုလည်းသင်ယူထားသူဖြစ်သည်။ Kadestam သည် ၂ဝ၁ဝ တွင် ဖိလစ်ပိုင်မှ Legacy အားကစားရုံသို့ပြောင်းရွှေ့လာပြီး နာမည်ကျော်နည်းပြကြီး Ole Laursen ၏ လက်အောက်တွင်လေ့ကျင့်ခဲ့သည်။

လက်ရှိတွင် အသက် (၂၈) နှစ်ရှိသူ Kadestam သည် ၂ဝ၁၇ ခုနှစ်တွင် ONE Championship သို့ပြောင်းရွှေ့လာခဲ့ပြီးနောက် ချန်ပီယံ Askren ကိုစိန်ခေါ်ခဲ့သော်လည်း ဒိုင်ပွဲရပ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ သို့သော် ၎င်း၏ ချန်ပီယံအိပ်မက်ကို လက်မလျှော့ဘဲ Askren ပြောင်းရွှေ့သွားချိန်တွင် နောက်တစ်ကြိမ်အခွင့်အရေးရသည့်အခါ အမိအရဆုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ချန်ပီယံဘဝတွင် ခါးပတ်ကာကွယ်ပွဲတစ်ပွဲသာ ယှဉ်ပြိုင်ထားပြီး စိန်ခေါ်လာသူ Georgiy Kichigin ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရထားသည်။

“ဝယ်လ်တာဝိတ်တန်းက ချန်ပီယံ Kadestam ကို ကြိုက်တယ်။ မတ်တပ်ရပ်တိုက်ခိုက်တဲ့အခါမှာ နည်းစနစ်တော်တော်များများကို သုံးပြီးကစားတယ်။ သူက မြေပြင်ချုပ်ကွက်ကို ခုခံတဲ့နေရာမှာလည်းကောင်းတယ်”ဟု ဖိုးသော်က ပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top