တစ်ခါတုန်းက အဘိုးအိုတစ်ဦးက သူဟာ ကြယ်တွေကနေတဆင့် အနာဂတ်ကို ကြိုမြင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ သူက သူ့ကိုယ်သူနက္ခတ္တဗေဒ ပညာရှင်အဖြစ်သတ်မှတ်ထားပြီး ညတွေမှာ ကြယ်တွေကြည့်နေတာနဲ့ပဲ အချိန်ကုန်နေလေ့ရှိပါတယ်။ သူက အချိန်ပြည့်အနာဂတ်အတွက် တွေးတော အလုပ်ရှုပ်နေပြီး ရွာသားတွေကလည်း မကြာခဏဆိုသလို သူ့ဆီလာပြီး အနာဂတ်အတွက် မေးမြန်းလေ့ရှိကြပါတယ်။
ညတစ်ညမှာတော့ သူကရွာပြင်လမ်းမကြီးဖက်ကို လမ်းလျှောက်ထွက်လာပြီး သူ့အကြည့်တွေကတော့ကြယ်တွေပေါ်မှာပဲ ရှိနေခဲ့တာပေါ့။ သူ့အနေနဲ့ ကမ္ဘာကြီးရဲ့အဆုံးသတ်က နီးနေပြီလို့ လှမ်းမြင်နေရတဲ့အတွက် အနာဂတ်အတွက်ပူပန်နေပြီး အာရုံကကြယ်တွေဆီမှာပဲ ရှိနေပါတယ်။ အဲ့ဒီတော့ အောက်ကို မကြည့်ဘဲ လမ်းလျှောက်လာရာကနေ ရှေ့က ရေနဲ့ ရွှံ့နွံတွေပြည့်နေတဲ့ အိုင်ထဲကို ပြုတ်ကျသွားပါလေရော။
သူကုန်းပေါ်ပြန်တက်ဖို့ ကြိုးစားပေမယ့် နွံတွေထဲမှာလည်း နစ်၊ တက်ရမယ့် အစွန်းကလည်းချော်ပြီး တက်လို့မရတဲ့အခါ သူကြောက်လာပြီး အသံကုန် အော်ဟစ်အကူအညီတောင်းပါတော့တယ်။ သူအချိန်နည်းနည်းကြာအောင် အော်ဟစ်နေတဲ့အခါ ရွာသားတွေက အပြေးရောက်လာပြီးသူ့ကို ကူညီကြပါတယ်။ သူ့ကို ရွှံ့နွံအိုင်ထဲကနေ ဆွဲခေါ်ထုတ်ကြပြီး သူ ကုန်းပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရွာသားတစ်ယောက်က သူ့ကိုပြောပါတယ်။ ခင်ဗျားက ကြယ်တွေကိုကြည့်ပြီး အနာဂတ်ကိုပဲစဉ်းစားနေတဲ့အတွက် ခြေထောက်အောက်မှာ ဘာရှိလဲဆိုတာကို မမြင်တာဖြစ်တယ်။ ဒါက ခင်ဗျားကို ရှေ့မှာရှိနေတဲ့အရာကို ပိုပြီးအာရုံစိုက်တတ်အောင် သင်ပေးလိုက်တာပဲ။ အနာဂတ်အတွက်ပဲ တွေးပူမနေနဲ့ လို့ပြောလိုက်ပါတယ်။
ဒီဇာတ်လမ်းလေးကနေတဆင့် ပြောပြချင်တာက လူတွေကဖြစ်မလာသေးတဲ့ အနာဂတ်ကိုတွေးပူပြီး လက်ရှိပစ္စုပ္ပန်ကို မေ့လျော့နေတတ်ကြပါတယ်။ အားလုံးကတော့ သာယာပျော်ရွှင်ရတဲ့အနာဂတ်ကို ရရှိဖို့အတွက်ပဲ ပိုပြီးစိတ်ကူးယဉ်လေ့ရှိကြတာပါ။ ဒါပေမယ့် တစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်လည်း အခုလက်ရှိကလည်း တချိန်တုန်းက စိတ်ကူးယဉ်ခဲ့ရတဲ့အနာဂတ်ရဲ့အစိတ်အပိုင်းလို့ပြောရမှာပါပဲ။ အဲ့ဒီတော့ ကိုယ်လက်ရှိပိုင်ဆိုင်နေတဲ့ပစ္စုပ္ပန်ကို အကောင်းဆုံးကြိုးစားဖြတ်သန်းဖို့က ပိုအရေးကြီးပါတယ်။ ဖြစ်မလာသေးတဲ့အရာတွေကို တွေးပြီးပူပန်နေလိုက်တာ လက်ရှိကိုယ့်ခြေထောက်အောက်မှာ ရှိနေတဲ့ တချို့သောအဆိုးအကောင်းတွေကို မမြင်မိတော့တာမျိုးဖြစ်စေပါတယ်။ ပိုပြီးကောင်းမွန်တဲ့အနာဂတ်ကို ပိုင်ဆိုင်ရဖို့အတွက် လက်ရှိ ရင်ဆိုင်နေရတဲ့ ဒီနေ့ကို အကောင်းဆုံး ကြိုးစားဖို့ တိုက်တွန်းလိုက်ပါရစေ။
Ref: One who read the future
Jong Kin (ရိုးရာလေး)