အသက်ထက် ခင်မင်မှုသစ္စာကို အလေးထားသော မိတ်ဆွေကောင်း

red-deer-cervus-elaphus-P44AGWE-e1563718514506.jpg

တရံရောအခါက သာယာအေးချမ်းသည့် တောအုပ်ကြီးတစ်ခုတွင် ကုရုင်္ဂအမည်ရှိသမင်သည် ခေါက်ရှာငှက်နှင့် လိပ်တို့အား အဆွေခင်ပွန်းဖွဲ့ နေသည်။ မိတ်ဆွေသုံးဦးတို့သည် တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ညှာတာထောက်ထားကြသည်။ တစ်ညတွင် ကုရုင်္ဂသမင်သည် ရေသောက်ဆင်းရင်း မုဆိုးကျော့ကွင်၌ မိသဖြင့် ထိတ်လန့်စွာ အသံပြုသည်။ ခေါက်ရှာငှက်နှင့် လိပ်တို့သည် မိတ်ဆွေသမင်၏ အသံကို ကြားသည်နှင့် တပြိုင်နက် အသံလာရာသို့ အပြေးရောက်လာကြသည်။ ကုရုင်္ဂသမင်၏ ဖြစ်ရပ်ကိုမြင်သော် လွတ်မြောက်ရန် အလို့ငှာ တိုင်ပင်ကြ၏။

တိုင်ပင်ထားသည့်အတိုင်း သွားရှိသောလိပ်သည် ကျော့ကွင်းကို စတင်ကိုက်ဖြတ်သည်။ ခေါက်ရှာငှက်သည် ရွာထိပ်ရှိ သစ်ပင်တွင် မုဆိုးအလာကို စောင့်ဆိုင်းနေသည်။ နံနက်ခင်း ဝေလီဝေလင်းအချိန်တွင် မုဆိုးသည် လှံကိုကိုင်၍ ထွက်လာသည်။ ခေါက်ရှာငှက်သည် မုဆိုးကို မြင်သည်နှင့်တပြိုင်နက် မုဆိုး၏မျက်နှာကို အတောင်ဖြင့် ရိုက်သည်။ မုဆိုးသည် စောစောစီးစီး နိမိတ်မကောင်းဘူး။ မိုးစင်စင်လင်းမှပဲ တောထဲသို့ဝင်တော့မည်ဟု ကြံပြီး အိမ်ပြန်တရေးအိပ်၏။ မိုးစင်စင်လင်းသော် တဖန်ထွက်လာပြန်သည်။ ခေါက်ရှာငှက်လည်း နောက်တစ်ကြိမ် အတောင်ဖြင့်ရိုက်ကာ တားစီးသော်လည်း အလုပ်မဖြစ်သဖြင့် တောသို့အမြန်ပျံကာ မိတ်တွေသမင်နှင့်လိပ်ကို သတင်းပေးသည်။ လိပ်သည် ညလုံးပေါက်ကျော့ကွင်းကို ကိုက်ဖြတ်နေသည်မှာ ကြိုးလွန်းတစ်လွန်းမျှသာ ကျန်တော့သည်။ လိပ်ကလေး၏ သွားများမှာ ကျိုးကြွေလုမတတ်ဖြစ်နေပြီး အာခံတွင်းမှ သွေးအလိမ်းလိမ်းထွက်၍နေသည်။

ကုရုင်္ဂသမင်မှာ မုဆိုးကိုမြင်သော် အားကုန်ရုန်းသဖြင့် တစ်လွန်းမျှသာ ကျန်တော့သော သားရေကျော့ကွင်းမှာ ပြတ်ပြီး လွတ်မြောက်သွားသည်။ သို့သော် လိပ်ကလေးမှာ ပင်ပန်းလွန်းသဖြင့် ထွက်မပြေးနိုင်တော့ဘဲ ထိုနေရာတွင်ပင် ဝပ်ပြီးနေရသည်။ ခေါက်ရှာငှက်သည် သစ်ပင်ပေါ်မှလည်းကောင်း၊ သမင်သည် မနီးမဝေးခြုံအကွယ်မှလည်းကောင်း နေ၍ အခြေအနေကို စောင့်ကြည့်နေသည်။ မုဆိုးသည် ကျော့ကွင်းပြတ်နေပြီး အနီးတွင် လိပ်ကိုတွေ့သဖြင့် လိပ်ကိုအိတ်အတွင်း ကောက်ထည့်လိုက်သည်။

သမင်လည်း မိမိကြောင့် မိတ်ဆွေလိပ် အသက်ဘေးကြုံနေသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ ကယ်တင်ရန်အကြံထုတ်ပြန်သည်။ ကုရုင်္ဂသမင်သည် မုဆိုးမြင်သာသောနေရာမှ ခြေထောက်နာဟန်ပြုပြီး ထော့နဲ့ထော့နဲ့ လျှောက်ပြသည်။ မုဆိုးသည် လိပ်ထည့်ထားသောအိတ်ကို သစ်ငုတ်တိုတွင် ချိတ်ပြီး သမင်နောက်သို့လိုက်သည်။ သမင်သည် မနှေးမမြန်အရှိန်ဖြင့် မုဆိုးအား သွေးဆောင်ခေါ်ကာ ခပ်ဝေးဝေးရောက်တော့မှ အရှိန်မြှင့်ပြေးကာ ခြေရာဖျောက်လိုက်သည်။ ပြီးမှ လိပ်ရှိရာသစ်ငုတ်တိုသို့ ပြန်လာပြီး ဦးချိုဖြင့် လွယ်အိတ်ကိုချိတ်ယူပြီး ရေစပ်အနီး မြေပြင်သို့ချကာ မိတ်ဆွေလိပ်ကို ရေသို့ဆင်းစေကာ လွတ်မြောက်စေသည်။ ဤသို့ဖြင့် မိတ်ဆွေသုံးဦးသည် တစ်ဦးကိုတစ်ဦး ကယ်တင်ရင်း အသက်ချမ်းသာရာ ရလေသည်။

ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ကုရုင်္ဂဇာတ်တွင် သမင်၊ လိပ်၊ ခေါက်ရှာငှက်တို့သည် အသက်ဘေးကို ကြောက်ကြသော်လည်း တစ်ဦးကိုတစ်ဦး မိတ်ဆွေပီသစွာ သစ္စာရှိရှိကယ်တင်ကြသည်။ မိတ်ဆွေကောင်းရှိသောသူသည် အသက်အန္တရာယ် ကြုံတွေ့သော်လည်း လွတ်မြောက်ဖို့ အခွင့်အရေးပိုများသည်။ မိတ်ဆွေကောင်းရရန်မှာ မိမိမှ စတင်အနစ်နာခံတတ်ဖို့ လိုအပ်သည်။ မိတ်ဆွေကောင်းလား မိတ်ဆွေတုလားဆိုသည်ကို အချိန်နှင့် အတွေ့အကြုံက ခွဲခြားပြပေးပေလိမ့်မည်။ မိတ်ဆွေကောင်းကို တစ်သက်စာအတွက် ပေါင်းသင်းဖို့ လိုအပ်သလို မိတ်ဆွေတုများကိုလည်း စွန့်ပစ်ဖို့ အချိန်မဆိုင်းသင့်ပေ။

ချမ်းမြေ့ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top