ရွေးကောက်ပွဲ အပြတ်အသတ်အနိုင်ရဖို့ သေချာနေတဲ့ ရှင်ဇိုအာဘေး

abepix.jpg

လူထု ဆန္ဒစစ်တမ်းများအရ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရဖို့သေချာနေတဲ့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ရွေးကောက်ပွဲပြီးရင် မြောက်ကိုရီးယားအရေးနဲ့ ပတ်သတ်ပြီး တင်းကျပ်စွာ ကိုင်တွယ်သွားမယ်လို့ ကတိပေးခဲ့ပါတယ်။

“ကျွန်တော် ရွေးကောက်ပွဲပြီးရင် ပထမဆုံးချက်ချင်းလုပ်မှာက မြောက်ကိုရီးယားအရေးနဲ့ ပတ်သတ်ပြီး ကိုင်တွယ်သွားမှာပါ။ ဒါဟာ သံတမန်ရေးရာပိုင်းကနေ သေချာ ကိုင်တွယ်သွားရမယ့် ကိစ္စဖြစ်ပါတယ်။ ကျွန်တော်ကို ပြည်သူတွေပေးထားတဲ့ အာဏာကို သံတမန်ခင်းကိစ္စအရေးနဲ့ ပတ်သတ်ပြီး အသုံးပြုသွားမှာပါ ” လို့ အာဘေးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အာဘေးဟာ ပါလီမန်မှာ မဲဆန္ဒအများစုရတာ နဲ့ တစ်ပြိုင်နက် ဒီ Power အားလုံးကို နိုင်ငံရဲ့ ကာကွယ်ရေး မဟာဗျူဟာများနဲ့ စစ်ဆန့်ကျင်ရေး ရပ်တည်ချက်များကို အစကနေပြီး ပြန်လည် ပြင်ဆင်သွားဖို့ ရှိနေတယ် လို့သိရပါတယ်။

ဂျပန် ရုပ်သံလွှင့်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NHK မှ ကောက်ယူခဲ့တဲ့ စစ်တမ်းတစ်ရပ်အရ အာဘေးနဲ့ မဟာမိတ်အဖွဲ့တွေဟာ ဂျပန်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရဖို့ သေချာနေပြီး အာဘေးရဲ့ ပါတီဖြစ်တဲ့ Liberal Democratic Party (LDP) ဟာ ပါလီမန် ၄၆၅ နေရာအနက် ၂၅၃ နေရာကို ရဖို့သေချာနေတယ် လို့ဆိုပါတယ်။

LDP ပါတီရဲ့ မဟာမိတ် ပါတီဖြစ်တဲ့ Komeito party ကတော့ ပါလီမန်မှာ ၂၇ နေရာကနေ ၃၆ နေရာအထိရဖို့ ရှိနေပါတယ်။ တခြား စစ်တမ်းတွေအရတော့ အာဘေးရဲ့ မဟာမိတ် ညွှန့်ပေါင်းစုဟာ ပါလီမန်နေရာ ၃၀၀ ကျော်ရဖို့ သေချာတယ်လို့ဖော်ပြနေပါတယ်။ ဒီစစ်တမ်းတွေဟာ တရားဝင် ထုတ်ပြန်ချက် မဟုတ်သေးပေမဲ့ ရလာဒ်နဲ့ နီးစပ်တဲ့ စစ်တမ်းတွေ ဖြစ်ပြီး တရားဝင်ရလာဒ်တွေကတော့ ဂျပန်စံတော်ချိန် တနင်္လာနေ့ မနက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ သိသိသာသာ ရန်လိုတဲ့ လုပ်ဆောင်ချက်များ ပိုများလာတာကြောင့် အာဘေးဟာ ဒီနှစ်အစောပိုင်းက ဂျပန်အခြေခံဖွဲ့စည်းပုံကို ၂၀၂၀ ခုနှစ် နောက်ဆုံးထားပြီး ပြင်ဆင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ ယခင် ဂျပန် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာဆိုရင် ဂျပန်နိုင်ငံကို လက်နက်ကိုင်တပ်ဖွဲ့များ တိုးချဲ့ခြင်းကို တားမြစ်ထားတဲ့ ဥပဒေများ ပါဝင်ပါတယ်။

အာဘေးရဲ့ အခြေခံဥပဒေကို ပြောင်းလဲမယ့် အဆိုပြုချက်ဟာ ဂျပန်နိုင်ငံရဲ့ ဒုတိယကမ္ဘာစစ်အပြီး ရပ်တည်ချက်ပုံရိပ်ကို ပြောင်းလဲမယ့် အဆိုပြုချက်ဖြစ်တာကြောင့် ကန့်ကွက်သူများ ရှိနေတဲ့ အဆိုပြုချက်တစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ အသက် ၆၃ နှစ်ရှိနေပြီဖြစ်တဲ့ အာဘေးဟာ ရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရမယ် ဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းတစ်လျှောက် သက်တမ်း အရှည်ဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာမှာ ဖြစ်ပါတယ်။

“ကျွန်တော်ဟာ ဒီအောင်မြင်မှုကို နှိမ့်ချမှု များစွာနဲ့ လက်ခံသွားမှာ ဖြစ်ပြီး မဲဆန္ဒရှင်များက ကျွန်တော်တို့ကို မဲဆန္ဒအများစုနဲ့ အာဏာရ ပါတီအဖြစ် ထောက်ခံမဲ ပေးတယ်ဆိုတာက ဂျပန်ပြည်သူတွေဟာ ကျွန်တော်တို့ရဲ့ အခြေခံဥပဒေက အပြောင်းအလဲလုပ်သင့်ပြီလို့ ပြောနေတဲ့ လုပ်ရပ်တစ်ခုပါပဲ ” လို့ အာဘေးက ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာနေတဲ့ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ လအတွင်းက ပြုံယမ်းဟာ ဒုံးကျည်နှစ်စင်းကို ဝါရှင်တန်နဲ့ နိုင်ငံတကာ သတ်မှတ်ချက်တွေကို အာခံတဲ့အနေနဲ့ ဂျပန်နိုင်ငံအပေါ် ကျော်ပြီး ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယ ကမ္ဘာစစ်အပြီးနောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများကို ကန့်သတ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ အခြေခံဥပဒေဟာ ဂျပန်စစ်တပ်ကို တုံ့ပြန်တဲ့ လုပ်ရပ် လုပ်ဖို့ ခွင့်မပြုခဲ့ပါဘူး။

ဒုတိယ ကမ္ဘာစစ်ကြီးကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဂျပန်နိုင်ငံအတွက် အာဘေးရဲ့ အခြေခံဥပဒေကို ပြင်ဆင်ပြီး စစ်ရေး အင်အားတိုးချဲ့မယ့် အစီအစဉ်ဟာ မရေရာမှုများစွာနဲ့ အောင်မြင်ဖို့ တော်တော်ကြိုးစားရမယ့် ကိစ္စတစ်ရပ်လည်း ဖြစ်ပါတယ်။ အာဘေးဟာ ပါလီမန်မှာ နေရာအများစု ရထားတယ်ဆိုရင်တောင် ဒီလို အခြေခံဥပဒေကို ပြောင်းလဲဖို့ဆိုတာ ပြည်လုံးကျွတ် မဲဆန္ဒခံယူပွဲ ကျင်းပပြီးမှ ပြောင်းလဲလို့ ရနိုင်မယ့် အနေအထားတစ်ရပ်လည်း ဖြစ်ပါတယ်။

အာဘေး ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံရရင် ပထမဆုံးလုပ်မယ့် လုပ်ငန်းစဉ်ဟာ နောက်လအစောပိုင်းမှာ အာရှသို့လာမယ့် အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံဖို့ ဖြစ်ပါတယ်။ ထရမ့်ရဲ့ မူဝါဒများအရလည်း ဂျပန်နိုင်ငံဟာ ကာကွယ်ရေးနဲ့ ပတ်သတ်ပြီး ကိုယ်အားကို ကိုးရတော့မယ် အခြေအနေဖြစ်တာကြောင့် ဂျပန် နိုင်ငံခြားရေးဆိုင်ရာ သဘောထား တင်းမာသူတွေက ဒီအချက်ဟာ ဂျပန်အခြေခံ ဥပဒေကို ပြင်ဆင်သင့်တဲ့ အချက်ဖြစ်ကြောင်း ထောက်ပြကြပါတယ်။

အာဘေးကတော့ အမေရိကန်သမ္မတနဲ့ဆက်ဆံရေးကောင်းမွန်ဖို့အတွက် အချိန်များစွာပေးထားတဲ့ ဝန်ကြီးချုပ်ဖြစ်ပြီး ထရမ့် ရွေးကောက်ပွဲအနိုင်ရတုန်းကလည်း သမ္မတနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ နိုင်ငံခြားခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့ မဟာမိတ် ၂ နှစ်နိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်များနဲ့ နူးကလီးယား စမ်းသပ်မှုများကို တိတိကျကျကိုင်တွယ်သွားဖို့ရှိနေပါတယ်။

Ref : Japan’s Abe on track for landslide victory

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top