ဗင်နီဇွဲလားအာဏာရပါတီက အမျိုးသားလွှတ်တော်ကို သိမ်းပိုက်

yyl-078.jpg

နိုင်ငံရေးအကျပ်အတည်း ရင်ဆိုင်နေရတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လွှတ်တော်အမတ် နှစ်ယောက်လုံးက ကိုယ့်ကိုယ်ကိုယ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အပြိုင်အဆိုင် ကြေညာခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံက ထောက်ခံထားတဲ့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွာအီဒိုနဲ့ သူ့ရဲ့ပြိုင်ဘက် လူးဝစ်ပါရာတို့ နှစ်ယောက်လုံးက ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် အပြိုင်ကြေညာခဲ့ကြတာပါ။ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ ဗင်နီဇွဲလားသမ္မတ မာဒူရိုက အငြင်းပွားဖွယ်အခြေအနေနဲ့ တစ်ကျော့ပြန် ရွေးကောက်ခံရပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာတော့ ဟွမ်ဂွာအီဒိုက သူ့ကိုယ်သူ ဗင်နီဇွဲလားနိုင်ငံရဲ့ ယာယီသမ္မတအဖြစ် ကြေညာခဲ့ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ လက်တင်အမေရိကနိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၆၀ နီးပါးက ဟွမ်ဂွာအီဒိုကို ယာယီသမ္မတအဖြစ် ထောက်ခံခဲ့ကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေခံဥပဒေအရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက သမ္မတအဖြစ် ယာယီတာဝန်ထမ်းဆောင်ခွင့်ရှိတယ်လို့ ဟွမ်ဂွာအီဒိုက ဆိုပါတယ်။ ဒါပေမဲ့ တစ်နှစ်ကြာတဲ့အထိ သမ္မတမာဒူရိုကို ဖြုတ်ချနိုင်ခဲ့ခြင်းမရှိတဲ့နောက် အတိုက်အခံနိုင်ငံရေးသမားတွေကြား စည်းလုံးညီညွတ်အောင် ဆက်ထိန်းဖို့ အခက်တွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးအတွက် မဲခွဲဆုံးဖြတ်ချိန်မှာ ရဲတွေက သူ့ကို လွှတ်တော်ထဲ ပေးမဝင်ခဲ့ဘူးလို့ ဟွမ်ဂွာအီဒိုက ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ဟွမ်ဂွာအီဒိုက လွှတ်တော်ခြံစည်းရိုးကို ကျော်တက်နေတာ တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် မဲခွဲဆုံးဖြတ်မှုပုံစံနဲ့ပတ်သက်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ လက်တင်အမေရိကနိုင်ငံ တော်တော်များများက ရှုတ်ချခဲ့ပါတယ်။ အတိုက်အခံနိုင်ငံရေးသမားတစ်ယောက်ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ဟွမ်ဂွာအီဒိုရဲ့ပြိုင်ဘက်ဖြစ်လာတဲ့ လူးဝစ်ပါရာဟာ သမ္မတမာဒူရိုရဲ့ ထောက်ခံမှု ရရှိထားပါတယ်။ ဟွမ်ဂွာအီဒို အချိန်မီ ရောက်မလာတဲ့အတွက် မဲခွဲမှုစတင်လိုက်တာလို့ လူးဝစ်ပါရာက ဗင်နီဇွဲလား ရုပ်သံလိုင်းကို ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top