ပူအိုက်လို့ ပင်ပန်း နွမ်းနယ်နေသူတွေ၊ ရေများများ သောက်နေပေမဲ့ ရေဓာတ် လိုအပ်နေသလိုပဲ ခံစားနေရသူတွေကို သတင်းကောင်းလေး တစ်ခု ပြောပြချင်ပါတယ်။
စျေးလည်းချိုပြီး အရသာလည်းရှိ တဲ့ သရက်သီးစိမ်းကို ဘလန်ဒါ နဲ့ ကြိတ်ချေပြီး သကြားလေး နည်းနည်းထည့် ရေအေးအေးလေးနဲ့ သောက်ကြည့်ပါ။ သိသိသာသာ အားအင် ပြည့်ဖြိုး လန်းဆန်းလာတာကို တွေ့ရပါလိမ့်မယ်။ သရက်သီး အစိမ်း တစ်လုံးမှာ ပါ၀င်တဲ့ အာဟာရဟာ ပန်းသီး ၃၅ လုံး၊ ငှက်ပျောသီး ၁၈ လုံး၊ သံပုရာသီး ၉ လုံး နဲ့ လိမ္မော်သီး ၃ လုံးမှာ ပါ၀င်တဲ့ အာဟာရနဲ့ ညီမျှတယ်လို့ newtimes.co.rw ရဲ့ ကျန်းမာရေး ဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြထားတာကို ဖတ်ခဲ့ရပါတယ်။
သရက်သီးစိမ်းဖြစ်လို့ ချဉ်မယ်လို့ ထင်နေကြသူတွေကိုလည်း ပြောပြပါရစေ။ သရက်သီးကို အခွံလေးခွာ၊ အစိတ်လေးတွေစိတ်ပြီး ဘန်ဒါထဲထည့် ကြိတ်ကာ အိုဗာတင်း ပုလင်းလို အဝကျယ် ပုလင်းလေး ထဲလောင်းထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါက အချိုဓာတ်လေးတွေ ဖြည်းဖြည်းချင်း ထွက်လာပြီး အတော်လေး သောက်လို့ကောင်းတာ တွေ့ရပါလိမ့်မယ်။ ပုံမှန်ဆို သရက်သီးကို သွားကြိမ်းလို့ မစားနိုင်တာတောင် အခုလို သောက်တဲ့အခါမှာတော့ သရက်သီး တစ်လုံးလောက်ကို အေးဆေး သောက်နိုင်သွားပြီး ထပ်သောက်ချင်စိတ်တောင် ဖြစ်လာပါတယ်။
ကျန်းမာရေး အကျိုးကျေးဇူး
သရက်သီးစိမ်းမှာ ဗီတာမင် စီ၊ ကယ်လစီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်တို့ များပြားစွာ ပါ၀င်လို့ ၀မ်းချုပ်မှုကို သက်သာစေခြင်း၊ ၀မ်းကိုက် ရောဂါ ကာကွယ်ခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း (ပိန်သူဝ ၀သူပိန်စေခြင်း)၊ သွေးအားနည်း ရောဂါကို သက်သာစေခြင်း၊ အသားအရေ နူးညံ့စေခြင်း၊ ဆီးချိုကို ထိန်းညှိပေးခြင်း စတဲ့ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။
Ref : http://www.newtimes.co.rw/section/article/2015-02-16/186012/
စံဝန်းနီ(ရိုးရာလေး)