မျက်နှာကို လက်နဲ့ထိမိတာတွေ ရပ်တန့်ပစ်နိုင်ဖို့ဆိုရင်

6-4-2020-yyl-028.jpg

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရဖို့ဆိုရင် သင့်မျက်နှာကို လက်နဲ့ ခဏခဏမထိဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ဆိုထားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက မျက်နှာကို လက်နဲ့မထိဖို့ မနည်းကြိုးစားနေကြရပါတယ်။ လက်နဲ့ မျက်နှာကို ထိတာက လူတွေရဲ့သဘာဝအလျောက်ဖြစ်ပေါ်လာတဲ့ အရာဖြစ်တဲ့အတွက် မကြာခဏ ထိမိတာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ကျွန်တော်တို့တွေက တစ်မိနစ်ကို အနည်းဆုံး (၃-၅) ကြိမ်လောက် မျက်နှာကို လက်နဲ့ ထိကြတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့ နိုးထနေတဲ့ (၁၆) နာရီမှာ မျက်နှာကို လက်နဲ့ထိတဲ့အကြိမ်အရေအတွက် အကြိမ်ထောင်ချီတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။

ကျွန်တော်တို့တွေကို လက်နဲ့ မျက်နှာကို မထိဖို့ တိုက်တွန်းထားကြပေမဲ့ အဲဒါကို ရပ်တန့်မပစ်နိုင်ကြပါဘူး။ ငယ်ငယ်လေးကတည်းက ဖြစ်လာတဲ့ အလေ့အထဖြစ်တဲ့အတွက် ဒီအကျင့်ကို ပြင်ဖို့ ခက်ခဲနေကြရပါတယ်။ ဒါကြောင့် မျက်နှာကို မကြာခဏ သတိလက်လွတ်ကိုင်မိနေတာကို သင့်ကိုယ်တိုင် ရပ်တန်းနိုင်မယ့် နည်းလမ်းကို ပြောရမယ်ဆိုရင်

အဆက်မပြတ် သတိပေးပါ

အလေ့အကျင့်ကို ဖျက်ပစ်ဖို့ဆိုရင် ပထမဆုံးလုပ်ရမှာက လူကို အဲဒီအကြောင်းနဲ့ပတ်သတ်ပြီး သတိထားမိစေဖို့ပါပဲ။ သူတို့တွေ မျက်နှာကို ကိုင်မိတဲ့အခါတိုင်း မထိဖို့ ခဏခဏ အသိပေးနေတာက ဖြေရှင်းနည်းဖြစ်နိုင်ပါတယ်။ သူတို့ကို အချိန်တိုင် းသတိပေးနေမယ်ဆိုရင်မျက်နှာကို လက်နဲ့ ကိုင်မိတဲ့ အကြိမ်အရေအတွက် လျော့နည်းသွားနိုင်ပါတယ်။ သင်က လူတိုင်းကို သတိပေးလို့မရပါဘူး။ သူတို့ကို သတိပေးပါများရင် သူတို့အတွက် စိတ်အနှောင့်အယှက်တော့ဖြစ်လာနိုင်ပါတယ်။

မျက်နှာကို ကိုင်မိတဲ့ အကြိမ်အရေအတွက်ကို ရေတွက်ပါ

တစ်စုံတစ်ယောက်က သင့်အလေ့အကျင့်ကို ထောက်ပြနေမဲ့အစား သင်ကိုယ်တိုင်က သင့်မျက်နှာကို ကိုင်မိတဲ့အကြိမ်အရေအတွက် ရေတွက်တာ အကောင်းဆုံးပါပဲ။ ကိုယ်နဲ့မကွာ ဆောင်ထားလို့ရတဲ့ အကြိမ်အရေအတွက်မှတ်ပေးတဲ့ပစ္စည်းကို အသုံးပြုလို့လည်းရပါတယ်။ သင့်မျက်နှာကို ကိုင်မိတဲ့အကြိမ်အရေအတွက် တစ်ခုချင်းကို လိုက်မှတ်ကတော့ လွယ်ကူတော့အရာတော့မဟုတ်ပါဘူး။ အကြိမ်အရေအတွက်တိုင်းကို မရေတွက်နိုင်လည်း အဆင်ပြေတယ်လို့ လေ့လာချက်က ဆိုပါတယ်။ အရေးကြီးဆုံးကတော့ မျက်နှာကို ကိုင်မိတဲ့ အကြိမ်အရေအတွက် သတိထားပြီး လျော့ချဖို့ပါပဲ။

လက်တွေကို အလုပ်များနေပါစေ

လူတော်တော်များများအတွက် မျက်နှာကို လက်နဲ့မကိုင်မိ၊ မထိမိအောင် နေတာက ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ သင့်မျက်နှာကို လက်နဲ့လာမထိမိဖို့အတွက် အခြားအရာတွေကို ကိုင်ပြီး အလုပ်လုပ်ဖို့အတွက် သင့်လက်တွေကို အလုပ်ပေးလိုက်ပါ။ စိတ်ဖိစီးမှုပြေပျောက်စေတဲ့ဘောလုံးတွေက သင့်လက်ကို အလုပ်ပေးနိုင်တဲ့ အကောင်းဆုံးရွေးချယ်မှုပါပဲ။ သင့်အသုံးပြုမယ့်ပစ္စည်းတွေကို မကြာခဏ ပိုးသတ်ပေးဖို့လည်း အရေးကြီးပါတယ်။ အဲဒီပစ္စည်းတွေမှာလည်း ပိုးမွှားတွေ တွဲကပ်နေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပါ

မျက်နှာကို လက်နဲ့ကိုင်မိတာက စိတ်ဖိစီးမှုရဲ့ အလိုအလျောက် တုံ့ပြန်မှုဖြစ်တယ်လို့ လေ့လာချက်တော်တော်များများက ဆိုထားပါတယ်။ လူငယ်အမျိုးသားတွေကို စမ်းသပ်တဲ့ ဂျာမန်လေ့လာချက်မှာသူတို့တွေက စိတ်ဖိစီးစေတဲ့ စမ်းသပ်ချက်တွေကို လုပ်တဲ့အခါမှာ မျက်နှာကို ကိုင်မိကြကြောင်း တွေ့ရှိခဲ့ရပါတယ်။ သူတို့ရဲ့မျက်နှာတွေကို ကိုင်တာက စိတ်ခံစားချက်တွေကို ထိန်းချုပ်ဖို့အတွက် ကူညီပေးတယ်ဆိုတဲ့ ရလဒ်ကို တွေ့ရပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့မကြာခဏ မကိုင်မိအောင် စိတ်ဖိစီးမှုကို လျော့ချပေးသင့်ပါတယ်။

Ref: How to stop touching your face, according to experts

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top