ကပ်ရောဂါကာလအတွင်း မိသားစုဝင်တစ်ယောက်မှာ COVID-19 ရောဂါပိုးကူးစက်ခံရတဲ့အခါ မိသားစုတွေက ခွဲခြားနေကြရပါတယ်။ လူနာဆီ အလည်လာတာကိုလည်း ခွင့်မပြုလို့ လူနာတွေက သူတို့ပြန်ကောင်းလာတဲ့အထိ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ သီးခြားနေထိုင်ကာ ကုသမှုခံယူကြရပါတယ်။ ဒါပေမဲ့ COVID-19 ကြောင့် ဆေးရုံတက်နေရတဲ့ မိခင်တစ်ယောက်ဆီကို သူ့ရဲ့သားဖြစ်သူ အလည်လာတာကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးက COVID-19 ကူးစက်ခံနေရတဲ့ သူ့မိခင် အဆင်ပြေရဲ့လားဆိုတာ သိရဖို့အတွက် ဆေးရုံနံရံကို တွယ်တက်ပြီး ပြတင်းပေါက်ကနေ နေ့တိုင်းကြည့်လေ့ရှိပါတယ်။
ဆေးရုံပြတင်းပေါက်မှာ ထိုင်နေတဲ့ အဲဒီအမျိုးသားရဲ့ပုံတွေနဲ့ ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူတွေရဲ့နှလုံးသားကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ အဲဒီအမျိုးသားက ပါလက်စတိုင်းနိုင်ငံ၊ ဟီဘရွန်မြို့က ဂျီဟတ် အယ်ဆူဝေတီဆိုသူဖြစ်ပါတယ်။ သူဟာ သူ့မိခင် ရာစမာဆာလာမာ အသက်ရှင်နေသေးတဲ့ ကာလပတ်လုံး ဆေးရုံနံရံကို တွယ်ကပ်ပြီး ပြတင်းပေါက်မှာ နေ့တိုင်းလာထိုင်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့မိခင်က ဇူလိုင်လ ၁၆ ရက်နေ့မှာ COVID-19 ကြောင့် သေဆုံးသွားခဲ့ပါတယ်။
“သူက ပိုက်လိုင်းပေါ်ကို တွယ်တက်တယ်။ ဒါမှ ဆေးရုံရဲ့ဒုတိယအထပ်မှာ တက်ရောက်ကုသခံယူနေတဲ့သူ့မိခင်ကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ သူက ရက်တော်တော်များများကို အဲဒီမှာပဲ အချိန်ကုန်ခဲ့ပါတယ်။ ပြတင်းပေါက်အပြင်ကနေ သူ့မိခင်ရဲ့အခြေအနေကို ကြည့်တယ်။ သူ့မိခင် အိပ်ပျော်တာသေချာတဲ့ အချိန်မှ ပြန်ဆင်းပါတယ်”လို့ ဆေးရုံရဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
လုံခြုံရေးအကြောင်းပြချက်တွေကြောင့် ဆေးရုံက ဒီလိုလုပ်တာကို တားမြစ်ခဲ့ပေမယ့် ဂျီဟတ်က ခေါင်းမာပြီး ပြတင်းပေါက်ကို နေ့တိုင်းတက်ခဲ့တယ်လို့ ဂျီဟတ်ရဲ့အစ်ကို ရာစမီက ပြောပါတယ်။ “ဂျီဟတ်က အငယ်ဆုံးကလေးဖြစ်ပြီး သူ့မိခင်နဲ့ အနေများပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၅ နှစ်က ကျွန်တော်တို့ရဲ့အဖေ သေဆုံးပြီးတဲ့နောက်မှာပေါ့။ ကျွန်တော်တို့အမေက သွေးကင်ဆာရှိပြီး လွန်ခဲ့တဲ့ ရက်တစ်ပတ်က COVID-19 ရောဂါကို ခံစားခဲ့ရပါတယ်။
ကျွန်တော်တို့အမေ သေဆုံးသွားပြီဆိုတဲ့အကြောင်း အသိပေးတော့ ဂျီဟတ်က စိတ်ဆိုးပြီး မယုံကြည်နိုင်ဖြစ်နေပါတယ်။ ဒါပေမဲ့ အခုတော့ သူ လက်ခံနိုင်သွားတဲ့ပုံပါပဲ”လို့ ဂျီဟတ်ရဲ့အစ်ကိုက ပြောပါတယ်။ ဂျီဟတ်ရဲ့ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ အင်တာနက်အသုံးပြုသူတွေက ကရုဏာသက်မိခဲ့ကြပြီး တချို့ဆိုရင် သူ့အတွက် ကာတွန်းပုံလေးတွေတောင် ရေးဆွဲနေကြပါတယ်။
Ref: WorldofBuzz “Man Climbs & Sits At Hospital Window Every Day Until His Mother, A Covid-19 Patient, Dies”
WL (ရိုးရာလေး)