အစားအသောက်ပြိုင်ပွဲမှာ ဝင်ပြိုင်ရင်းနဲ့ ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေရှာနိုင်ခဲ့တဲ့ အမျိုးသား

31-8-2020-yyl-032.jpg

ကပ်ရောဂါအတွင်းမှာ လိုအပ်နေတဲ့သူတွေကို ကူညီပေးနိုင်ဖို့အတွက် လူတော်တော်များများက သူတို့တတ်စွမ်းတဲ့ပညာလေးနဲ့ ရန်ပုံငွေရှာပေးနေကြတာပါ။ ဆန်းဒါးလန်းမြို့က အမျိုးသားတစ်ယောက်ကလည်း အစားပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တစ်ချိန်တည်းမှာပဲ အစားအသောက်လှူဒါန်းတဲ့နေရာတွေအတွက် ရန်ပုံငွေရှာနိုင်ခဲ့ပါတယ်။ ကိုင် ဂစ်ဘ်ဆန် (Kyle Gibson) က Five Guys စားသောက်ဆိုင်က မီးနူတစ်ခုလုံးကို (၁) နာရီအတွင်းပြီးအောင် စားနိုင်ခဲ့ပါတယ်။

ကိုင် ဂစ်ဘ်ဆန်က British Eating League ပြိုင်ပွဲမှာလည်း နံပါတ် (၁) ချိတ်ဆွဲခဲ့တာပါ။ မကြာသေးခင်ကမှ သူဟာ သူ့အရည်အချင်းတွေကို အစားအသောက်လှူဒါန်းတဲ့အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေရှာပေးဖို့အတွက် ကောင်းတဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။ အသက် (၂၂) နှစ်သာရှိသေးတဲ့ ကိုင် ဂစ်ဘ်ဆန်က ဘာဂါ (၈) လုံး၊ ဟော့ဒေါ့ (၄) လုံး၊ အာလူးကြော်နှစ်ယောက်စာ၊ အသီးအရွက်ဆန်းဝှစ် (၂) ခု၊ ချိစ်ဆန်းဝှမ် (၁) ခု၊ မစ်ရှိတ် (၂) ခွက်၊ အအေး (၂) ခွက်တို့ကို စားသောက်ပြခဲ့ပါတယ်။ ဒီလောက်ပမာဏအများကြီးကို ကိုင် ဂစ်ဘ်ဆန်က (၆၁) မိနစ်နဲ့ ကုန်အောင်စားပြနိုင်ခဲ့ပါတယ်။ သူက အဲဒီလိုစားပြနိုင်ခဲ့တာကြောင့် Newcastle West End Foodbank အတွက် ပေါင် (၄၀၀) ရန်ပုံငွေရှာပေးနိုင်ခဲ့တဲ့အပြင် ပေါင် (၁၀၀) တန်ဖိုးရှိတဲ့ အစားအစာတွေကိုလည်း ပရဟိတကို လှူဒါန်းခဲ့ပါတယ်။

“စိန်ခေါ်မှုက Five Guys မှာ မီနူးတစ်ခုလုံးစားပစ်ဖို့ပါပဲ။ ကျွန်တော် အဲဒါကို လုပ်ခဲ့တယ်။ ကျွန်တော် ဒါတွေကို အကုန်စားဖို့ အချိန် (၆၁) မိနစ်လောက်ယူခဲ့ရပါတယ်။ ဒါက မလွယ်ပါဘူး။ အတော်လေး ခက်ခဲပေမယ့် ကျွန်တော် ဒါကို လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ရူးကြောင်ကြောင်နိုင်တဲ့အရာတွေကို ကျွန်တော်ကြိုက်တယ်။ ဒါပေမဲ့ ကျပ်တည်းနေတဲ့အခြေအနေမှာ စားသောက်ဖို့ မတတ်နိုင်တဲ့ လူတွေရှိနေတယ်ဆိုတာ ကျွန်တော် နားလည်လိုက်တယ်။ သူတို့တွေက မိသားစုကို ကျွေးမွေးဖို့အတွက် အစားအသောက်လှူဒါန်းတဲ့နေရာတွေကို မှီခိုနေကြရတာကို ကျွန်တော် သိလိုက်ရတယ်။ ဒါကြောင့် ပိုက်ဆံနဲ့ အစားအစာတွေကို Newcastle West End Foodbank ဆီလှူဒါန်းနေတာပါ”လို့ ကိုင် ဂစ်ဘ်ဆန်က ပြောပါတယ်။

အစားအသောက်အများကြီးစားလိုက်လို့ ကယ်လိုရီတွေ များသွားရင်လည်း သူကိုယ်တိုင်က Gym သွားတာ၊ စက်ဘီးစီးတာတို့နဲ့ ခန္ဓာကိုယ်ကျစ်လျစ်အောင်၊ ကျန်းမာအောင် ထိန်းတယ်လို့ ပြောပါတယ်။ သူက သစ်သီး၊ ဟင်းသီးဟင်းရွက်တွေ စားသောက်ပြီးတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်မှုပုံစံကို လိုက်နာတယ်လို့ ဆိုပါတယ်။ “ကျွန်တော်က ဒီလိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်တယ်။ ဒါပေမဲ့ အခြားရက်တွေမှာ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ထိန်းသိမ်းလိုက်နာတယ်”လို့ ကိုင် ဂစ်ဘ်ဆန်က ပြောပါတယ်။ ကိုင်က (၁၉၀၀၀) ကျော် Subscriber ရှိတဲ့ Kyle V Food YouTube Channel နဲ့ သူ့ရဲ့ဆိုရှယ်မီဒီယာပေ့ချ်တွေမှာ သူ့ရဲ့ပြိုင်ပွဲဝင်ဗီဒီယိုတွေကို မျှဝေလေ့ရှိပါတယ်။

Ref: Ladbible “Man Eats Entire Five Guys Menu In An Hour”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top