ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့နိုင်ငံ ၉၀ ရာခိုင်နှုန်းကျော်မှာ ပုံမှန်ကျန်းမာရေးဝန်ဆောင်မှုတွေ ယိုယွင်းပြတ်တောက်

31-8-2020-yyl-035.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံ ၉၀ ရာခိုင်နှုန်းကျော်မှာ ပုံမှန်ကျန်းမာရေး ဝန်ဆောင်မှုတွေ ယိုယွင်းပြတ်တောက်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)ရဲ့ စစ်တမ်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တိုးတက်မှုတွေဟာ ကိုဗစ်-၁၉ ကြောင့် အချိန်တိုအတွင်းမှာ ထိခိုက်ခဲ့ရပြီး လုံးဝပျောက်ကွယ်သွားတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

” ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မရှိမဖြစ် ကျန်းမာရေးဝန်ဆောင်မှုတွေအပေါ် သက်ရောက်မှုက တော်တော်စိုးရိမ်စရာပါ။ ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုကျော်ကာလအတွင်း ရရှိလာတဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်မှုတွေက အချိန်တိုအတွင်းမှာပဲ ကွယ်ပျောက်သွားနိုင်ပါတယ် ” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလကနေ ဇူလိုင်လကြားကာလအတွင်း နိုင်ငံ ၁၀၀ ကျော်မှာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေကို စစ်တမ်းကောက်ယူခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကြောင့် အများဆုံး ထိခိုက်ခဲ့တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ ပုံမှန်ကာကွယ်ဆေးထိုးနှံရေး ( ၇၀ %)၊ မိသားစုအစီအစဉ် (၆၈ %)၊ ကင်ဆာရောဂါ စစ်ဆေးမှု၊ ကုသမှု (၅၅ %) ဖြစ်ပြီး အရေးပေါ်စောင့်ရှောက်မှုကတော့ လေးပုံ၊ တစ်ပုံလောက် ထိခိုက်ခဲ့တယ်လို့ တွေ့ရပါတယ်။ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ ယီမင် စတဲ့ ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေ အပါအဝင် မြေထဲပင်လယ် အရှေ့ပိုင်းဒေသနိုင်ငံတွေကတော့ အဆိုးရွားဆုံး ရိုက်ခတ်ခံခဲ့ရပြီး သူတို့နောက်မှာတော့ အာဖရိကနိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ရဲ့ စစ်တမ်းမှာ အမေရိကတိုက် နိုင်ငံတွေ ပါဝင်ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် ကမ္ဘာတစ်ဝန်းမှာ ကူးစက်ခံရသူ ၂၅ သန်းကျော် ရှိနေပြီး လူ ၈၅၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ယိုယွင်းပြတ်တောက်မှုတွေဖြစ်ခဲ့တဲ့အတွက် တချို့နေရာတွေမှာ (ကိုဗစ်-၁၉ နဲ့ မဆိုင်တဲ့) တခြားရောဂါ/ အခြေအနေကြောင့် သေဆုံးသူတွေလည်း မြင့်တက်ခဲ့မယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ အဲဒီပမာဏကိုတော့ တွက်ချက်ဖို့ ခက်ခဲနိုင်ပါတယ်။

Ref: Reuters ” COVID-19 can wipe out health care progress in short order: WHO”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top