အမေရိကန်နိုင်ငံမှာ ကိုဗစ်ကူးစက်ခံရတဲ့ကလေးအရေအတွက် ၅ သိန်းကျော်ရှိ

9-9-2020-yyl-022.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အမေရိကန်နိုင်ငံမှာ ကလေး (၅) သိန်းကျော် ကိုဗစ်ရောဂါကူးစက်ခံခဲ့ရတယ်လို့ American Academy of Pediatrics ရဲ့ဒေတာတွေအရ သိရပါတယ်။ အမေရိကန်နိုင်ငံက ကိုဗစ်လူနာတွေအားလုံးရဲ့ ၉.၈ ရာခိုင်နှုန်းက ကလေးလူနာတွေဖြစ်တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၀ ရက်နဲ့ စက်တင်ဘာ ၃ ရက် အတောအတွင်း နှစ်ပတ်ကျော်ကျော်လောက်မှာ ကိုဗစ်ကူးစက်ခံရတဲ့ ကလေးလူနာအသစ် (၇၀,၆၃၀) ရှိပြီး ၁၆ ရာခိုင်နှုန်း တိုးလာခဲ့ကာ ရောဂါဖြစ်ပွားကတည်းကနဲ့ဆိုရင် အားလုံးစုစုပေါင်း (၅၁၃,၄၁၅) ဦးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ပွာတိုရီကိုပြည်နယ်ဟာ ကိုဗစ်ကလေးလူနာအရေအတွက် များလာခဲ့တဲ့ ပြည်နယ် (၆) ခုထဲမှာ ပါဝင်ပါတယ်။ ပြည်နယ်ကျန်းမာရေးဌာန (၄၉) ခုက ထုတ်ပြန်ထားချက်အရ ကလေးတွေရဲ့အသက်အပိုင်းအခြားနဲ့ ပတ်သက်တဲ့ ဒေတာတွေကို American Academy of Pediatrics နဲ့ Children’s Hospital Association က စုစည်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရတဲ့ကလေးအရေအတွက် (၁၀၃) ဦးရှိပါတယ်။ ပြည်နယ် (၄၂) ခုနဲ့ နယူးယောက်မြို့တွေက ဒေတာတွေအရ ကိုဗစ်ကြောင့် သေဆုံးရတဲ့ ကလေးက ဝ.၃ ရာခိုင်နှုန်းရှိပြီး ပြည်နယ် (၁၈) ခုကတော့ ကိုဗစ်ကလေးလူနာ မရှိဘူးလို့ ဆိုပါတယ်။ အရင်တုန်းကတော့ ကိုဗစ်ကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ဖျားနာမှုက ကလေးတွေမှာ အဖြစ်နည်းတယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေကတော့ ကလေးတွေက ကိုဗစ်ရောဂါပိုးကို ဖြန့်နိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

The Centers for Disease Control ကလည်း ကလေးတွေမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက်စပ်နိုင်ချေရှိတဲ့ ဖျားနာမှုနဲ့ပတ်သက်တဲ့ ဒေတာအသစ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ မေလကတည်းက CDC က ကလေးတွေမှာ တွေ့ရတဲ့ Multisystem Inflammatory Illness ဖြစ်ပွားမှုနောက်ကို လိုက်နေခဲ့တာဖြစ်ပါတယ်။ CDC ကတော့ ဒီရောဂါက ရှားတော့ရှားပေမယ့် COVID-19 ရောဂါပိုးရှိတဲ့ လူတစ်ယောက်နဲ့ ထိတွေ့မိပြီးတဲ့နောက် (ဒါမှမဟုတ်) ကိုဗစ်ရောဂါခံစားခဲ့ရပြီးတဲ့နောက်မှာ တစ်ခါတလေဖြစ်လာနိုင်တဲ့ COVID-19 နဲ့ ဆက်စပ်တဲ့ ပြင်းထန်တဲ့အခြေအနေဖြစ်တယ်။ ဒီရောဂါက ကလေးတွေမှာပိုပြီး ပြင်းထန်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃ ရက်နေ့က ပြည်နယ် (၄၂) ခု၊ နယူးယောက်မြို့နဲ့ ဝါရှင်တန်ဒီစီမှာ ကိုဗစ်အတည်ပြုလူနာ (၇၉၂) နဲ့ သေဆုံးသူ (၁၆) ဦးရဲ့ဒေတာတွေကို CDC က စုဆောင်းရမိခဲ့ပါတယ်။ အသက် (၁) နှစ်နဲ့ (၁၄) နှစ်ကြား ကလေးတွေမှာ ကိုဗစ်ရောဂါအဖြစ်များတယ်လို့ ဆိုထားပါတယ်။ ထုတ်ပြန်ထားတဲ့ကိုဗစ်လူနာရဲ့(၇၀) ရခိုင်နှုန်းကျော်က ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

အခုအပတ်မှာ ပြည်နယ်တချို့မှာ ကလေးတွေက ကျောင်းပြန်တက်နေရတဲ့အတွက် မိဘတွေက စိတ်မအေးနိုင်ဖြစ်နေကြရပါတယ်။ နယူးယောက်မှာ ကိုဗစ်လူနာသစ်ဦးရေက ပြီးခဲ့တဲ့ နှစ်ပတ်နဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်းကျော်လောက် မြင့်တက်လာခဲ့ပါတယ်။ လာမယ့် အပတ်မှာ နယူးယောက်က ကျောင်းတွေဟာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေကြပြီး အုပ်ချုပ်ရေးမှူး အန်ဒရူး ကော်မို (Andrew Cuomo) က မိဘတွေရဲ့ကြောက်စိတ်၊ စိုးရိမ်စိတ်တွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားနေပါတယ်။

Ref: CBSNews “513,415 children in the U.S. have tested positive for coronavirus since pandemic started, report says”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top