Upskirting အပြုအမူကို အင်္ဂလန်နဲ့ ဝေးလ်စ်နိုင်ငံတွေမှာ ရာဇဝတ်မှုအဖြစ် သတ်မှတ်ရန်စီစဉ်

stream_img.jpg

Upskirting ဆိုတာက တစ်ယောက်ယောက်ရဲ့ အဝတ်အစားအောက်ကနေ ပင့်ပြီး ဓာတ်ပုံ၊ ဗီဒီယိုခိုးရိုက်တဲ့အပြုအမူကိုဆိုလိုတာပါ။ အထူးသဖြင့် ဒီအပြုအမူကို အမျိုးသမီးတွေက ပစ်မှတ်ထားပြီးပြုမူခံရလေ့ရှိပါတယ်။ အခုတော့ အင်္ဂလန်နဲ့ ဝေးလ်စ်နိုင်ငံတွေမှာ ဒီလိုပြုမူခဲ့ရင် ထောင် ၂ နှစ်ကျနိုင်မယ့် ဥပဒေတစ်ရပ်ကို ရေးဆွဲပြဌာန်းသွားတော့မယ်လို့ သိရပါတယ်။

ဒီဥပဒေသစ်ကို ပြီးခဲ့တဲ့အင်္ဂါနေ့က အထက်လွှတ်တော်ကိုတင်ခဲ့ပြီး လက်ရှိမှာ သဘောတူ ခွင့်ပြုချက်ရဖို့အတွက် စောင့်ဆိုင်းနေပါပြီ။ ၂၀၁၇ ခုနှစ်ကတည်းက ဒီ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်တဲ့ အပြုအမူကို တရားမဝင်တဲ့ အပြုအမူဖြစ်ဖို့ ကြိုးပမ်း လှုံ့ဆော်နေခဲ့သူဖြစ်တဲ့ ဂျီနာ မာတင် (Gina Martin) ကတော့ အခုလို အခြေအနေကို ရောက်လာတဲ့အပေါ် အရမ်းဝမ်းသာတယ်လို့ တွစ်တာကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။

“ကျွန်မကိုယ်တိုင်ကလည်း ဓားစာခံဖြစ်ဖူးတာရယ်၊ ဒါနဲ့ပတ်သက်တဲ့ ဥပဒေ မရှိသေးတာရယ်ကြောင့် ရိုင်ယန် ဝှီလန် (Ryan Whelan)၊ ဂစ်ဘ်ဆင် ဒန်း (Gibson Dunn) တို့နဲ့ပူးပေါင်းပြီး ၁၈ လလောက် စိတ်ရောကိုယ်ပါနှစ်ရင်း ဒီ ဥပဒေ အကောင်အထည်ပေါ်ဖို့ ကြိုးစားခဲ့တာပါ… မှန်ကန်တဲ့ အကူအညီနဲ့ စိတ်ထက်သန်မှုသာရှိရင် နိုင်ငံရေးအရ ရှုပ်ထွေး ခက်ခဲနေလည်း ဖြစ်နိုင်တယ်လို့ပဲ တွေးထားခဲ့တယ်” လို့ ဂျီနာက ပြောခဲ့ပါသေးတယ်။

ဒီဥပဒေအသစ်အရ Upskirting ပြုမူသူတစ်ဦးအနေနဲ့ ထောင် ၂ နှစ်ကျနိုင်မယ့်အပြင် ဆိုးဆိုးရွားရွား နှောက်ယှက်တဲ့သူဖြစ်ခဲ့ရင်တော့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်သူများ စာရင်းမှာပါ ထည့်သွင်းခံသွားရမှာ ဖြစ်ပါတယ်။ Upskirting အပြုအမူကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ ကြိုးပမ်းချက်အပေါ်  ဗြိတိန်ဝန်ကြီးချုပ် ထရီစာ မေ (Theresa May) က ကန့်ကွက်ခဲ့သေးပေမဲ့လည်း အစိုးရအဖွဲ့ရဲ့ ထောက်ခံအားပေးမှုကြောင့် အဆိုပြုချက်ကတော့ ပျက်ပျယ်မသွားခဲ့ပါဘူး။

စကော့တလန်၊ အမေရိကန်ကပြည်နယ် အတော်များများနဲ့ ဩစတေးလျက ပြည်နယ်တွေမှာတော့ ဒီ အပြုအမူနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိနေပြီးဖြစ်သလို နယူးဇီလန်နဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း ဒါကို တရားမဝင်တဲ့ အပြုအမူအဖြစ် သတ်မှတ်ထားကြပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ဘယ်လို အပြုအမူဆိုးတွေအတွက် အခုလို ဥပဒေသတ်မှတ် ပြဌာန်းထားသင့်ပြီလဲဆိုတာ စာဖတ်သူရဲ့အမြင်အတိုင်း ဝင်ရောက်ဆွေးနွေးခဲ့နိုင်ပါတယ်။

Ref: CNN “Upskirting to be criminalized in England and Wales”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top