ရှောက်ဖျော်ရည်ရောင်းပြီး Single Mother တွေကို ကလေးဒိုက်ပါ (၂၂,၀၀၀) ကျော်လှူဒါန်းခဲ့တဲ့ လူမည်းကောင်လေး

9-9-2020-yyl33.jpg

အခုနောက်ပိုင်း ကလေးတွေက လူကြီးတွေထက်တောင် သဒ္ဒါတရားထက်သန်တယ်လို့ပြောရမှာပဲ။ အခုလို ဘာလို့ပြောရလဲဆိုရင် ငယ်ရွယ်တဲ့ကလေးတွေ၊ ဆယ်ကျော်သက်ကလေးတွေက လိုအပ်နေတဲ့သူတွေအတွက် လူကြီးတွေထက် ရန်ပုံငွေရှာပြီး လှူဒါန်းပေးနေတဲ့ သတင်းတော်တော်များများကို တွေ့နေရလို့ပါ။ အသက် (၁၁) နှစ်အရွယ် ကာတီရာ ကာရေး (Cartier Carey) ဆိုတဲ့ လူမည်းကောင်လေးဟာ ကပ်ရောဂါအတွင်း အကူအညီလိုအပ်နေတဲ့ ကလေးမိဘတွေအတွက် ကလေးဒိုက်ပါ၊ Wipe Tissue နဲ့ အခြားဖြည့်စွက်ပစ္စည်းတွေ ဝယ်ပေးနိုင်ဖို့ ရှောက်ဖျော်ရည်ဆိုင်လေးဖွင့်ပြီး ပိုက်ဆံရှာခဲ့ပါတယ်။ ကာတီရာက ကပ်ရောဂါအတွင်း စတိုးဆိုင်တွေမှာ ဒိုက်ပါတွေ ပြတ်လပ်နေတာကို သတိထားမိခဲ့ပြီး ကူညီချင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကာတီရာက ရှောက်ဖျော်ရည်ဆိုင်လေးကို ဖွင့်ခဲ့ပြီး ပထမလမှာ ဒေါ်လာ ၄၅၀၀ ရခဲ့ပါတယ်။ သူ့ရဲ့ဆိုင်လေးက လူတွေ ဒိုက်ပါလှူဒါန်းနိုင်တဲ့နေရာအဖြစ်လည်း လုပ်ဆောင်ခဲ့ပါတယ်။ အွန်လိုင်းကနေတဆင့် စာသင်ရမယ့် ပထမဆုံးရက်မှာ ကာတီရာက ဒိုက်ပါ (၂၂၀၀၀) ကျော်လှူဒါန်းဖို့အတွက် အလုပ်များနေခဲ့ပါတယ်။ အဲဒီအခိုက်အတန့်တွေကို ဗီဒီယိုရိုက်ကူးထားခဲ့ပြီး သူ့အမေက မျှဝေခဲ့တဲ့အချိန်မှာ ကလေးအမေတစ်ယောက်က ကာတီရာရဲ့လုပ်ရပ်ကြောင့် သူ အခက်အခဲဖြစ်နေတဲ့အချိန်ကို အမှတ်ရစေခဲ့တယ်လို့ ပြောရင်းနဲ့ မျက်ရည်ကျခဲ့ရပါတယ်။ “သားလေးက လူတော်တော်များများကို ကူညီပေးနေတာနော်။ သား ဒီကားကိုတွေ့လား။ အန်တီတုန်းက ဒီကားမရှိခဲ့ဘူး။ ဘုရားကျောင်းမှာနေခဲ့ရတယ်။ သားလို လူတွေကြောင့် အန်တီ ဒီနေရာကို ရောက်လာခဲ့ရတယ်။ လူတွေက အန်တီကို ကလေးဒိုက်ပါတွေ ပေးခဲ့တယ်။ သားက အံ့သြစရာကောင်းလောက်တဲ့ကောင်လေးပါပဲ”လို့ အဲဒီကလေးအမေက ပြောပါတယ်။

ကာတီရာက အဲဒီကလေးအမေနဲ့ ပြောခဲ့တဲ့အရာတွေဟာ သူ့ကို တွန်းအားဖြစ်စေခဲ့တဲ့အတွက် မေ့မှာမဟုတ်ဘူးလို့ ပြောပါတယ်။ “ဒါက တကယ်ကို ရင်ထဲထိစေပါတယ်။ သူ ကျွန်တော့်ကို ပွေ့ဖက်တဲ့အချိန်မှာ ငိုချင်မိခဲ့တဲ့အတွက် ငိုတောင်ငိုမိခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကို အလုပ်ဆက်လုပ်ချင်စိတ်ဖြစ်စေခဲ့ပါတယ်”လို့ ကာတီရာက ဆိုပါတယ်။ ကာတီရာက ကျောင်းပြန်တက်နေရပြီဆိုပေမယ့် ဒီလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ကာတီရာနဲ့ သူ့အမေတို့က ကလေးတွေကို ကူညီပေးနိုင်ဖို့အတွက် “Kids 4 Change” အဖွဲ့အစည်းကို စတင်တည်ထောင်ခဲ့ပါတယ်။ ကာတီရာက သူ့ကို အလုပ်ကြိုးစားဖို့အတွက်၊ ကောင်းတဲ့အရာတွေလုပ်ဖို့အတွက် Inpiration ပေးတဲ့သူက ကိုဘီ ဘရိုင်ယန် (Kobe Bryant) ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော် အခုလိုလုပ်နေသလိုမျိုး အခြားသူတွေလည်းလုပ်လို့ရပါတယ်။ လူတွေရဲ့အသက်ကို ကယ်တင်နိုင်ပြီး ဟီးရိုးတွေဖြစ်လာနိုင်ပါတယ်”လို့ ကာတီရာက ပြောပါတယ်။

Ref: ABCNews “11-year-old donates over 22,000 diapers to single moms through lemonade stand”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top