ယူကရိန်းက ဆရာဝန်တစ်ဉီးကို သူ့ရဲ့အင်စတာဂရမ်အကောင့်အသုံးပြုခွင့်ပေးခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

23-2-2022-yyl11.jpg

ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်းကတော့ ယူကရိန်း- ရုရှားစစ်ပွဲအတွက် လူနာတွေကို ကုသပေးနေတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့အံ့ဖွယ်လုပ်ရပ်တွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ပြီး ယူကရိန်းနိုင်ငံက ဆရာဝန်တစ်ဉီးကို သူ့ရဲ့အင်စတာဂရမ်အကောင့် ငှားပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဒေးဗစ်ဘက်ခမ်းဟာ Follower ၇၁ သန်းကျော်တဲ့ သူ့ရဲ့လူမှုကွန်ယက်အကောင့်ကို ခွာကစ်ဗ်မြို့က ဒေသဆိုင်ရာသားဖွားမီးယပ်ဌာနခေါင်းဆောင် အိုင်ရီနာ (Iryna)ကို အသုံးပြုခွင့်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အိုင်ရီနာနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက မိခင်တွေကို ဘေးကင်းစွာ မွေးဖွားနိုင်ဖို့ ခွာကစ်ဗ်မြို့မှာ ကူညီပေးနေပါတယ်။

အင်စတာဂရမ်မှာ ဘက်ခမ်းက ယူကရိန်းဆရာဝန်အိုင်ရီနာကို အင်စတာဂရမ်အကောင့် ငှားပေးခဲ့တယ်ဆိုတာအပြင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လှူဒါန်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ခဲ့ပါတယ်။ “မင်းတို့ရဲ့လှူဒါန်းမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ သူတို့ရရှိခဲ့တဲ့ အောက်ဆီဂျင်စက်တွေက မွေးကင်းစကလေးငယ်တွေကို ကြောက်စရာကောင်းတဲ့အခြေအနေကနေ အသက်ရှင်လာအောင် ကူညီပေးနေပါတယ်။ ကျေးဇူးပြုပြီး ဒီလိုလူတွေနဲ့ UNICEF လို ပရဟိတအဖွဲ့တွေကို တက်နိုင်သလောက် ဆက်ပြီး ပံ့ပိုးပေးကြပါတယ်။ ကျွန်တော်တို့တွေအတူတကွ ခြားနားမှုတစ်ခုကို ဖန်တီးနိုင်မှာပါ” လို့ အင်စတာဂရမ်ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

အိုင်ရီနာလို့သာ သိကြတဲ့ ယူကရိန်းဆရာဝန်က ဘက်ခမ်းရဲ့အင်စတာဂရမ်အကောင့် Stories မှာ ဗီဒီယိုကလစ်တွေတင်ခဲ့ပါတယ်။ ဗီဒီယိုကလစ်မှာ ကိုယ်ဝန်ဆောင်သည်တွေနဲ့ UNICEF က လှူဒါန်းခဲ့တဲ့ အောက်ဆီဂျင်စက်တွေနဲ့မွေးကင်းစကလေးတွေကို ပြသခဲ့ပါတယ်။ ဆေးရုံမှာ ၂၄ နာရီလုံးအလုပ်လုပ်နေရပြီး တစ်နေ့လုံး ဒီမှာရှိတယ်လို့ အိုင်ရီနာက ပြောကြားခဲ့ပါတယ်။

ဗီဒီယိုကလစ်တွေထဲက တစ်ခုမှာ ယူကရိန်းစစ်ပွဲရဲ့အစောပိုင်းကာလတွေမှာ ဘယ်လောက်ခက်ခဲလဲဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ ရုရှားကျူးကျော်ဝင်ရောက်တဲ့ ပထမဆုံးနေ့မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအားလုံးကို မြေအောက်ခန်းသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး နောက်ပိုင်းကျမှ ကျင့်သားရလာခဲ့တယ်လို့ သူက ဆိုပါတယ်။ “ဗုံးပေါက်တာတွေနဲ့ တိုက်ခိုက်တာတွေကြားမှာ ဘယ်လို အလုပ်လုပ်ရမလဲဆိုတာ ကျွန်မတို့ သင်ယူခဲ့ရတယ်။ ကျွန်မတို့ အသက်အန္တရာယ်စိုးရိမ်ရပေမဲ့ အဲဒါအတွက် လုံးဝမစဉ်းစားမိခဲ့ဘူး။ ကျွန်မတို့ရဲ့အလုပ်ကို ချစ်မြတ်နိုးတယ်” လို့ အိုင်ရီနာ ဆိုပါတယ်။

လူမှုကွန်ယက်ကမ်ပိန်းက လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အတွက် ချစ်ကြည်ရေးသံတမန်ဖြစ်တဲ့ ဘက်ခမ်းနဲ့ UNICEF ကိုယ်စား အရေးပေါ်ရန်ပုံငွေရှာဖွေခြင်းရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဘက်ခမ်းရဲ့ “7Fund” က ယူကရိန်းက လိုအပ်နေတဲ့သူအများစုကို အကူအညီ၊ နားခိုရာနေရာ၊ အစားအသောက်နဲ့ ဆေးဝါးအထောက်အပံ့တွေကို ချက်ခြင်းပေးနိုင်ဖို့ UNICEF ကို ကူညီသွားမှာဖြစ်ပါတယ်။

Ref: CBSNews “David Beckham hands over Instagram account with over 71 million followers to doctor in Ukraine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top