ဘတ်စ်ကားစောင့်ဆိုင်းရတဲ့ခံစားချက်ကို ဘတ်စ်ကားစီးတဲ့သူတိုင်းသိကြမှာပါ။ အထူးသဖြင့် ကားစောင့်ရင်း ထိုင်စရာနေရာမရှိရင် ပိုဆိုးပါတယ်။ ဒန်ဗားမြို့က ဂျိမ်းစ် ဝါရမ်ဆိုရင် ဘတ်စ်ကားစောင့်တဲ့အများသူငှာတွေကို ကိုယ်ချင်းစာမိတဲ့အတွက် ထိုင်စရာနေရာရှိဖို့ ထိုင်ခုံတွေ ကိုယ်တိုင်လုပ်ပြီး မှတ်တိုင်တွေမှာထားပေးခဲ့ပါတယ်။ ဘတ်စ်ကားစောင့်ရင်း မှတ်တိုင်မှာ ထိုင်စရာမရှိလို့ ညစ်ပေနေတဲ့မြေကြီးပေါ်မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ဦးကို ဂျိမ်းစ်မြင်တွေ့ခဲ့ပြီးတဲ့နောက်မှာ အခုလို လုပ်ပေးဖြစ်ခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ်ဂျိမ်းစ်က လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကားမရှိတော့လို့ အများပြည်သူယာဉ်ကို ပုံမှန်အသုံးပြုခဲ့ရတာပါ။ မှတ်တိုင်တော်တော်များများမှာ ထိုင်စရာနေရာလုံလုံလောက်လောက် စီစဉ်ပေးထားတာမရှိခဲ့တာကို သတိပြုမိခဲ့ပါတယ်။ ဒန်ဗားမြို့ရဲ့အများသုံးပို့ဆောင်ရေးစနစ်က မှတ်တိုင် ၉၇၀၀ ကျော်ရှိပေမဲ့ ၃၀၀ လောက်ကိုပဲ ထိုင်စရာနေရာထားရှိပေးနိုင်ပါတယ်။
ဂျိမ်းစ်က မှတ်တိုင်တွေမှာ ခုံတန်းရှည်တွေ ထားရှိပေးမယ့်ပရောဂျက်အတွက် သစ်သားတွေကို စုဆောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြို့ပတ်ပတ်လည်မှာ သစ်သားတွေကို မွှေနှောက်ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီသစ်သားတွေကို ခုံတန်းရှည်ဆောက်ဖို့ အသုံးပြုခဲ့တယ်။ အသုံးမပြုတော့တဲ့ သစ်သားတော်တော်များများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ရှာတွေ့ခဲ့ပါတယ်။
ဂျိမ်းစ် လုပ်ခဲ့တဲ့ ခုံတန်းရှည်တိုင်းမှာ “Be Kind” ဆိုတဲ့ စကားလုံးလည်းပါရှိပါတယ်။ ခုံတန်းရှည်ထားရှိဖို့အတွက် အဓိကအခက်အခဲတွေထဲက တစ်ခုကတော့ မှတ်တိုင်တွေဆီ ခုံတန်းရှည်တွေ ပို့ဆောင်ရတာပါ။ သူက ခုံတန်းရှည်တွေကို သူ့အိမ်အနီးနားက မှတ်တိုင်တွေမှာ ထားရှိပေးပါတယ်။ အဲဒီကို သယ်သွားရတာ ပိုပြီးလွယ်ကူတဲ့အတွက်ကြောင့်ပါ။ သူ့မှာ ကားမရှိတဲ့အတွက် ခုံတန်းရှည်တွေကို အခြားမှတ်တိုင်တွေဆီ သယ်သွားဖို့ ခက်ခဲခဲ့ပေမဲ့ ကူညီမယ့်သူတွေရှိလာခဲ့ပါတယ်။
ခုံတန်းရှည်တွေ ဆောက်လုပ်နေတဲ့ သူ့ရဲ့သတင်းတွေ ပျံ့နှံ့သွားပြီးတဲ့နောက်မှာ လူတော်တော်များများက သူ့ကို လိုအပ်တဲ့ပစ္စည်းတွေရော အခြားလိုအပ်တာတွေပါ ကူညီပေးလာခဲ့ကြပါတယ်။ ခုံတန်းရှည်ကို အတူတူ ဆောက်လုပ်ချင်တဲ့သူတွေရှိသလို ခုံတန်းရှည်တွေကို အခြားမှတ်တိုင်တွေဆီ ကားနဲ့ပို့ဆောင်ပေးတဲ့သူတွေလည်းရှိခဲ့ပါတယ်။ လူတစ်ယောက်ကဆိုရင် ငွေလှူချင်ခဲ့တယ်။ ဂျိမ်းစ်က ငွေမလှူဖို့တောင် ပြောခဲ့ရပါသေးတယ်။
ဂျိမ်းစ်က သူ လုပ်ပေးထားတဲ့ ခုံတန်းမှာ ထိုင်နေတဲ့သူတွေမြင်ရရင် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။
Ref: Upworthy “Man saw too many people standing at bus stops, so he started building benches for them”
WL(ရိုးရာလေး)