“The Little Mermaid” မူရင်းအန်နီးမေးရှင်းကို Live Action အနေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားမှာ ရေသူမလေး အေရီရယ်အဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် ဟယ်လီဘေလီဟာ ပရိသတ်တွေရဲ့ဝေဖန်မှုအမျိုးမျိုးကို ခံခဲ့ရတာပါ။ ဇာတ်ကားနမူနာမထွက်ခင်ကတည်းက လူမည်းသရုပ်ဆောင်ဟယ်လီဘေလီကို ရေသူမလေး အေရီရယ်ရဲ့နေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာကြောင့် အငြင်းပွားဖွယ်ရာတွေရှိခဲ့ပါတယ်။ ဇာတ်ကားနမူနာထွက်လာတော့လည်း နောက်ထပ်ဝေဖန်မှုတွေ ထွက်ရှိခဲ့ပါတယ်။ မကြာသေးခင်က လေယာဉ်ပေါ်မှာ လက်ခံရရှိခဲ့တဲ့ စာတစ်စောင်ကတော့ သူ့ကို စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တဲ့ပုံပါပဲ။
ဟယ်လီဘေလီက Delta Air Lines ရဲ့လေယာဉ်ပိုင်းလော့ဆီကနေ ရရှိခဲ့တဲ့ စာတစ်စောင်ကို သူ့ရဲ့တွစ်တာအကောင့်မှာ တင်ပေးခဲ့ပါတယ်။ စာထဲမှာ ရေးထားတာက “ဒီနေ့ လေယာဉ်ပေါ်မှာ မင်း ပါလာတဲ့အတွက် ဂုဏ်ယူစရာပါပဲ။ ကမ္ဘာတစ်ဝှမ်းက အသားညိုတဲ့ကောင်မလေးတွေအားလုံးအတွက် လှုံ့ဆော်အားပေးမှုဖြစ်ပေးလို့ ကျေးဇူးတင်ပါတယ်”တဲ့။ အဲဒီလေယာဉ်ပိုင်းလော့က ဟယ်လီဘေလီကို ကျေးဇူးတင်ခဲ့တဲ့အပြင် သူကိုယ်တိုင်ကလည်း တောင်အမေရိကတိုက်သားအမျိုးသမီးပိုင်းလော့တစ်ယောက်ဖြစ်တယ်လို့လည်းပြောထားပါတယ်။
ဟယ်လီဘေလီက အဲဒီစာကို တွစ်တာမှာတင်တော့ “လေယာဉ်ပေါ်က ဒီအံ့ဩလောက်စရာကောင်းတဲ့ပိုင်းလော့က ဒီနေ့ ကျွန်မကို ဒီစာလေးပေးခဲ့တယ်” လို့ရေးသားထားပါတယ်။ သူက အဲဒီစာကို အင်စတာဂရမ်မှာလည်း မျှဝေခဲ့ပြီး သူ့ရဲ့ခံစားချက်ကို ပေါ်လွင်စေတဲ့ “မျက်ရည်အစစ်အမှန်”ဆိုပြီး စာသားတိုတိုတုတ်တုတ်လေးရေးသားခဲ့ပါတယ်။
“The Little Mermaid” ဇာတ်ကားကတော့ နောက်နှစ် မေလ ၂၆ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref: “Black Little Mermaid” shed tears after receiving a note: “Thank you for being an inspiration to brown girls all over the world”
WL ( ရိုးရာလေး )