ဖလော်ရီဒါ ကမ်းခြေမှာ သတ္တုရှာဖွေရေးကိရိယာနဲ့ ရှာဖွေနေတုန်း ဂျိုးဆက်ကွတ်ခ်က စိန်လက်စွပ်ကို တွေ့ခဲ့တာပါ။ ကမ်းခြေမှာ သူ တွေ့ဖူးသမျှ စိန်လက်စွပ်တွေထဲမှာ ဒီလက်စွပ်က အကြီးဆုံးပါပဲ။ ကျောက်မျက်ပညာရှင်တွေကို ပြကြည့်တော့ ဒေါ်လာ ၄၀၀၀၀ လောက် တန်တယ်လို့ ဈေးဖြတ်ပေးကြတယ်။
ဂျိုးဆက်ကွတ်ခ်က စိန်လက်စွပ်တွေ့တဲ့ ဗီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့ပြီး လက်စွပ်ပျောက်တဲ့သူတွေရှိရင် သူ့ဆီ ဆက်သွယ်ကြဖို့ ပြောခဲ့ပါတယ်။ သီတင်းပတ် ၂ ပတ်လောက်ကြာတော့ မရင်းနှီးတဲ့ ဖုန်းနံပါတ်ကနေ ဖုန်းခေါ်ဆိုမှုတွေ ရခဲ့ပါတယ်။ စစချင်းတော့ သူ ဖုန်းမကိုင်ခဲ့ဘူး။ ဒါပေမဲ့ လက်စွပ်ပိုင်ရှင် ဖြစ်နေမလားဆိုပြီး ဖုန်းကိုင်လိုက်ချိန်မှာတော့ သူ ထင်တဲ့အတိုင်းပါပဲ။ လက်စွပ်ပိုင်ရှင်ကတော့ ဂျက်ဆင်ဗီးလ်မြို့မှာ နေထိုင်တဲ့ စုံတွဲပါ။ သူတို့က အဲဒီကမ်းခြေမှာ လက်စွပ်ပျောက်သွားခဲ့တာပါ။
နောက်တစ်ပတ်ကြာတော့ ဂျိုးဆက်ကွတ်ခ်က ပိုင်ရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး စိန်လက်စွပ်ကို ပြန်ပေးခဲ့ပါတယ်။ ” ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်စမြဲပါပဲ။ ပိုင်ရှင်တွေကို ကျွန်တော် ပစ္စည်းပြန်ပေးတိုင်း နောက်တစ်ခါကျရင် အဲဒီထက် ပိုကောင်းတဲ့ပစ္စည်းတစ်ခု တွေ့တတ်ပါတယ်” လို့ ဂျိုးဆက်ကွတ်ခ်က ဆိုပါတယ်။ ဒီနှစ်ထဲမှာ ပိုင်ရှင်တွေထံ သူ ပြန်ပေးခဲ့တဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးက ဒေါ်လာ ၁ သိန်းဖိုးလောက် ရှိနေပြီလို့ ဆိုပါတယ်။
Ref:Man Finds Diamond Ring Worth $40,000 On The Beach And Happily Returns It
NZ(ရိုးရာလေး)