အသက် ၁၂ နှစ်အရွယ် ကင်းထောက်လူငယ်လေးတစ်ယောက်က အားလပ်ရက်အချိန်အခါကို ခံစားခွင့်မရတဲ့ မိဘမဲ့ဂေဟာက ကလေးတစ်ရာကျော်အတွက် ခရစ္စမတ်လက်ဆောင်တွေပေးတဲ့ ဆန်တာကလော့စ်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီကင်းထောက်လူငယ်လေးက ဂျိုနသန် ဝါနာဖြစ်ပြီး မိဘမဲ့ဂေဟာမှာ နေခဲ့ရဖူးတဲ့ သူ့အဖေရဲ့ ငယ်ဘဝအတွေ့အကြုံတွေကို ကြားသိခဲ့ရပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာက ကလေးတွေအတွက် လက်ဆောင်ဝယ်ပေးဖို့ ပရောဂျက်ကို လုပ်ဆောင်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။
ဂျိုနသန်ရဲ့အဖေ စတီဗန် ကလို့ခ်က အသက် (၅) နှစ်မှာ မိဘမဲ့ဂေဟာမှာ နေခဲ့ရပြီး အသက် ၁၂ နှစ်မှာ မွေးစားခံခဲ့ရတာပါ။ မိဘမဲ့ဂေဟာမှာ နေခဲ့တဲ့ (၇) နှစ်တာမှာ ထူးခြားတဲ့ခရစ္စမတ်လက်ဆောင်ရခဲ့တာ နည်းခဲ့ပါတယ်။ အဲဒီအကြောင်းကို စတီဗန်က သူ့သားဂျိုနသန်ကို ပြန်ပြောပြခဲ့တာပါ။
![](https://yoyarlay.com/wp-content/uploads/2022/12/22-12-2022-yyl-93.jpg)
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဂျိုနသန်က မိဘမဲ့ဂေဟာက ကလေးတွေအတွက် ခရစ္စမတ်လက်ဆောင်ပေးခဲ့ပါသေးတယ်။ အခုနှစ်နဲ့ဆိုရင် (၂) နှစ်ဆက်တိုက်ပါပဲ။ အခုနှစ်မှာ မင်နီဆိုးတားပြည်နယ်က ကောင်တီ (၄) ခုဖြစ်တဲ့ Kanabec၊ Isanti၊ Pine၊ Chisago က ကလေး (၁၃၈) ဦးအပြင် Anoka ကောင်တီက ကလေးတချို့လည်း ဂျိုနသန် ရွေးချယ်ဝယ်ယူခဲတဲ့ လက်ဆောင်ကတ်တွေနဲ့ အရုပ်တွေ၊ တချို့တောင်းဆိုခဲ့တဲ့ အခြေခံပစ္စည်းတွေနဲ့ တစ်ကိုယ်ရေးသုံးပစ္စည်းတွေ လက်ခံရရှိမှာဖြစ်ပါတယ်။
ဂျိုနသန်နဲ့ လက်တွဲလုပ်ကိုင်တဲ့ ဒေသတွင်းစေတနာ့ဝန်ထမ်းတွေနဲ့အတူ လုပ်ထားတဲ့ ပစ္စည်းစာရင်းတွေအပေါ်မူတည်ပြီး ပစ္စည်းတွေကို ရွေးချယ်ဝယ်ယူခဲ့တာပါ။ (၇) တန်းကျောင်းသားလေး ဂျိုနသန်က စုစုပေါင်း ဒေါ်လာ ၁၁၃၀၀ ဖိုးရှိတဲ့ လက်ဆောင်ပစ္စည်း ၆၀၀ လောက် ဝယ်ယူခဲ့တာပါ။ ဒီလက်ဆောင်ပစ္စည်းတွေအတွက် ငွေကြေးအနေနဲ့ကတော့ ဂျိုနသန်က ဒေသခံပြည်သူလူထုကို ပေါက်ပေါက်ဆုပ်ရောင်းခဲ့တာပါ။ အခုနှစ်မှာ သူ မျှော်လင့်ထားတာထက် ပိုပြီး ပိုက်ဆံရရှိခဲ့ပါတယ်။
![](https://yoyarlay.com/wp-content/uploads/2022/12/22-12-2022-yyl-94.jpg)
သူ အခုလိုလုပ်ရတာ ပျော်တယ်။ အဲဒီကနေ သူ အများကြီးသင်ယူခဲ့ရတယ်။ ပိုက်ဆံကိုလည်း ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာလည်း သင်ယူခဲ့ရတယ်။ သူ့ရဲ့ပရောဂျက်ကြောင့် မိဘမဲ့ကလေးတွေ ခရစ္စမတ်လက်ဆောင်ရတော့မယ်ဆိုတာ သိရလို့ အရမ်းပျော်ရွှင်မိတယ်လို့ ဂျိုနသန်က ဆိုပါတယ်။
Ref: GMA “Boy Scout buys over $11,000 in Christmas gifts for kids in foster care, shelters”
WL(ရိုးရာလေး)