Alibaba တည်ထောင်သူ ဂျက်မားဟာ တိုကျိုတက္ကသိုလ်မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့အအောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်မလာခင် အင်္ဂလိပ်ဆရာတစ်ဦးဖြစ်ခဲ့တဲ့ သူက ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်တဲ့ နှစ်နာရီကြာ အထူးသီးသန့်ဆွေးနွေးပွဲမှာ ကျောင်းသား/သူတွေကို စီမံခန့်ခွဲမှုဆိုင်ရာအတွေးအခေါ်နဲ့ အောင်မြင်မှုရနိုင်ရေးနည်းလမ်းတွေကို သင်ကြားပေးခဲ့တယ်လို့ တိုကျိုတက္ကသိုလ်က ပြီးခဲ့တဲ့သောကြာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။
ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနဲ့ အခြားနေရာတွေက ကျောင်းသား/သူတွေကို ဂျက်မား စာပို့ချချက်တွေက သူ့ရဲ့ကြွယ်ဝတဲ့အတွေ့အကြုံနဲ့ စွန့်ဦးတီထွင်ဆန်းသစ်မှုဆိုင်ရာ အသိပညာတွေပေါ် အခြေခံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုကျိုတက္ကသိုလ်ဆွေးနွေးပွဲအပြီးမှာ ဂျက်မားက တရုတ်ပြည်မကြီးကို ပြန်လာခဲ့ပြီး စနေနေ့က ဟန်ကျိုးမြို့မှာ Alibaba ရဲ့သုတေသနအဖွဲ့က စီစဉ်တဲ့ သင်္ချာပြိုင်ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါတယ်။ သူက ကမ္ဘာလုံးဆိုင်ရာသင်္ချာပြိုင်ပွဲရဲ့နောက်ဆုံးဆန်ကာတင်တွေနဲ့ စကားစမြည်ပြောဆိုခဲ့ပြီး ပြိုင်ပွဲက သင်္ချာဝါသနာပါသူတွေအတွက် ဆက်လက်ဆန်းသစ်သွားပြီး ပျော်ရွှင်စရာအသစ်တွေ ဆောင်ကြဉ်းပေးသွားမယ်လို့လည်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။
ဂျက်မားက ဟောင်ကောင်တက္ကသိုလ်မှာလည်း ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ၃ နှစ်တာ တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ် မတ်လမှာ အဆုံးသတ်မှာဖြစ်တယ်လို့ ဧပြီလက ကြေညာခဲ့ပါသေးတယ်။ တိုကျိုတက္ကသိုလ်မှာ မေလ ၁ ရက်နေ့က ပါမောက္ခဖြစ်လာခဲ့ပြီး အချိန်ကာလကတော့ အောက်တိုဘာ ၃၁ ရက်နေ့အထိပါ။
ဒီသတင်းနဲ့ဆက်စပ်သတင်းဖတ်ရှုရန် – ဟောင်ကောင်တက္ကသိုလ်မှာ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဂျက်မား တာဝန်ယူမယ်
Ref: Alibaba founder Jack Ma gives first class as visiting professor at University of Tokyo as he retreats from tech empire
Team (ရိုးရာလေး)