နေအဖွဲ့အစည်းရဲ့ အစွန်အဖျားနားထိ ရောက်ရှိသွားခဲ့ပြီဖြစ်တဲ့ စူးစမ်းလေ့လာရေးအာကာသယာဉ် ဗွိုင်ဂျာ ၂

3C01B9F800000578-4103778-image-m-29_1484006183649.jpg

၁၉၇၇ ခုနှစ်ကတည်းက ကမ္ဘာမြေကနေ ထွက်ခွာသွားခဲ့တဲ့ ဗွိုင်ဂျာ ၂ အာကာသယာဉ်ဟာ ကမ္ဘာကနေ အိမ်နီးချင်းကြယ်စင်စုဆီကို ဦးတည်ခရီးနှင်နေတဲ့ လူလုပ်အရာဝတ္ထုနှစ်ခုထဲက တစ်ခု ဖြစ်လာခဲ့ပါပြီ။ (အခြားတစ်ခုကတော့ ဗွိုင်ဂျာ ၁ အာကာသယာဉ်ဖြစ်ပါတယ်) အခုဆိုရင် ဗွိုင်ဂျာ ၂ အာကာသယာဉ်ဟာ ဟေလီယိုပေါ့စ်နယ် (နေကထုတ်လွှတ်နေတဲ့ အမှုန်စီးကြောင်းများရှိရာနယ်) ကို ကျော်လွန်ပြီး နေအဖွဲ့အစည်းရဲ့ အဆုံးသတ်နေရာဆီကို ဆက်လက်ခရီးနှင်နေပြီဖြစ်ပါတယ်။

ယင်းဟာ Interstellar Space (ကြယ်နှစ်ခုအကြားနေရာ) ထဲကို ရောက်ရှိနှင့်နေပြီဖြစ်တဲ့ ဗွိုင်ဂျာ ၁ အာကာသယာဉ်ရဲ့လမ်းကြောင်းနောက်ကို လိုက်ပါသွားမှာဖြစ်တယ် လို့ နာဆာက သိပ္ပံပညာရှင် အက်ဒ်စတုန်းက အမေရိကန် ဘူမိရူပေဗဒသမဂ္ဂရဲ့ အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဗွိုင်ဂျာ ၂ မှာ အာကာသနယ်ပယ်သစ်တွေကို စူးစမ်းဖော်ထုတ်ဖို့ အထူးကိရိယာတစ်မျိုးကို ဖန်တီးတပ်ဆင်ပေးလိုက်ပြီး ရရှိလာတဲ့သတင်းအချက်အလက်တွေကို သူနဲ့ မိုင်ပေါင်း ၁၁ ဘီလျံအဝေးမှာကျန်နေခဲ့တဲ့ ကမ္ဘာမြေပေါ်က နာဆာသိပ္ပံပညာရှင်တွေဆီ ပြန်လည်ပေးပို့နေတာဖြစ်ပါတယ်။ ဗွိုင်ဂျာ ၂ ဆီက အလင်းရဲ့အလျင်နှုန်းနဲ့ပေးပို့တဲ့ သတင်းအချက်အလက်တွေဟာ ကမ္ဘာဆီကိုရောက်ရှိဖို့ ၁၆ .၅ နာရီလောက် ကြာမြင့်တယ်လို့လည်း သိရပါတယ်။ (နေရဲ့ အလင်းတောင်မှပဲ ကမ႓ာပေါ်ကိုရောက်ဖို့ ၈ မိနစ်သာကြာတာမို့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်)

နေကထုတ်လွှတ်တဲ့အမှုန်စီးကြောင်း (Solar Wind) တွေကို အာရုံမခံမိတော့ကြောင်း ယာဉ်မှာတပ်ဆင်ထားတဲ့ကိရိယာက ပြသလာတဲ့အချိန်မှာ ဗွိုင်ဂျာ၂ အနေနဲ့ ဟေလီယိုပေါ့စ်နယ် (နေကထုတ်လွှတ်နေတဲ့ အမှုန်စီးကြောင်းများရှိရာနယ်) ကို လွန်မြောက်သွားပြီလို့ သိနိုင်တာဖြစ်ကြောင်း နာဆာက ဖော်ပြထားပါတယ်။

နေအမှုန်စီးကြောင်းအာရုံခံ (PLS) ကိရိယာဆိုင်ရာသုတေသနခေါင်းဆောင် ဂျွန် ရစ်ချတ်ဆင်က “ဗွိုင်ဂျာနဲ့ အလုပ်လုပ်ရတာက ကျွန်တော်ကို့ စူးစမ်းရှာဖွေရေးသမားတစ်ဦးလို ခံစားရစေတယ်..ကျွန်တော်တို့ သိလာရသမျှအားလုံးက အသစ်အဆန်းတွေချည်းပဲလေ” လို့ ဆိုခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တည်းက ဟေလီယိုပေါ့စ်ကို ဖြတ်သန်းကျော်လွန်ခဲ့ပြီး လက်ရှိမှာ Interstellar Space (ကြယ်နှစ်ခုအကြားနေရာ) ကို ရောက်နေပြီဖြစ်တဲ့ ဗွိုင်ဂျာ ၁ ဆီကလည်း သတင်းအချက်အလက်အများအပြား ရရှိခဲ့ပြီး သိပ္ပံပညာရှင်တွေဟာ ဒီအာကာသယာဉ်နှစ်စင်းဆီက ရရှိတဲ့အချက်အလက်တွေကြောင့် အရင်က မသိနိုင်ခဲ့တဲ့ အကြောင်းအရာသစ်တွေကို အခုအချိန်မှာ သိရှိလေ့လာနိုင်ပြီဖြစ်ပါတယ်။

ဗွိုင်ဂျာ ၁ နဲ့ ၂ နှစ်စင်းလုံးဟာ ဟေလီယိုပေါ့စ်နယ်ကို ကျော်လွန်ပြီး ဆက်လက်ခရီးနှင်နေကြပြီဖြစ်ပေမဲ့လည်း နေအဖွဲ့အစည်းထဲကနေတော့ မထွက်ခွာသွားကြသေးပါဘူး။ နေအဖွဲ့အစည်းရဲ့ အဆုံးသတ်နေရာ (Oort Cloud) နားကိုရောက်ဖို့အတွက်ဆိုရင် နှစ်ပေါင်း ၃၀၀ နီးပါး ဆက်သွားရမှာဖြစ်ပြီး နေအဖွဲ့အစည်းကနေ ထွက်ခွာသွားဖို့ဆိုရင်တော့ နှစ်ပေါင်းသောင်းချီကြာအောင် ခရီးဆက်ရဦးမှာ ဖြစ်ပါတယ်။

Ref: BBC “Nasa’s Voyager 2 probe leaves the Solar System”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top